ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲများကြောင့် ဒေသခံ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။
ရှမ်း – ကရင်နီ နယ်စပ်တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ နှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ရှမ်း – ကရင်နီ ပြည်နယ်စပ်က ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား အောက်တို ဘာလ ပထမပတ်မှစတင်၍ ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ် က “ပင်လောင်းနဲ့ ဖယ်ခုံအစပ်က ရွာတွေ တော်တော်များများ ပြေးကြတယ်။ နောက်ပြီးတော့မှ ဖယ်ခုံနဲ့ နီးကပ်တဲ့ ကျေးရွာတွေလည်း တော်တော် ပြေး ကြတာ ရှိတယ်။ ဖယ်ခုံဖက်ကြီးပဲ မဟုတ်ဘူးပေါ့။ ကရင်နီဖက်ကနေ လွိုင်ကော်လည်း ပါတယ်ပေါ့နော်။ တစ်ချို့ကျတော့ အဲဒီမှာ ပြေးသွားကြတဲ့ သူတွေရှိတယ်။ သူတို့သွားခိုတဲ့ ရွာက နောက်တစ်ခေါက် ထပ်ပြေးရ တယ်။ လူဦးရေကတော့ ၂၀၀၀၀ နီးပါးလောက်ပေါ့နော်” ဟု ပြောသည်။
ဖယ်ခုံနှင့် ပင်လောင်း တစ်ကြောရှိ ကျေးရွာပေါင်း ၁၀ ရွာခန့်က ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြ ရပြီး ကျေးရွာပေါင်း ၆ ရွာမှာမူ ရွာလုံးကျွတ် တိမ်းရှောင်ရခြင်း ဖြစ်သည်ဟု ခူးကိုရယ်က ဆိုသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိတွင် ပင်လောင်းမြို့ပေါ်၌ သွားရောက်ခိုလှုံနေကြပြီး နောင်တရား မြို့နှင့် ညောင်ရွှေမြို့နယ်ဘက်သို့လည်း စစ်ဘေးရှောင်သူများ ရှိနေသည်။
နောင်တရားမြို့သည် ပအိုဝ်းလူမျိုးများ နေထိုင်ပြီး တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်ထဲက မြို့နယ်ခွဲ အဆင့်ရှိ သည့် မြို့တစ်မြို့ ဖြစ်သည်။
ထို့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ ဗန်းမောက်ကျေးရွာတွင် ထော်လာဂျီဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသော ဒေသခံများကို စစ်ကောင်စီက ဒရုန်းအသုံးပြု တိုက် ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒေသခံတစ်ဦးက “ဗန်းမောက်ရွာမှာ သူတို့ထွက်ပြေးဖို့ လုပ်နေတုန်း ဒရုန်းဗုံးက တည့်တည့် ကျလာတာပေါ့ နော်။ ကျလာတော့ အဲ့ဒီမှာ အမျိုးသမီး ၃ ဦး၊ ကလေးမလေးတစ်ဦး ပါတယ်ပေါ့နော်။ အသက်ကတော့ ၈ နှစ် လောက်ပဲ ရှိသေးတယ်ပေါ့နော်။ ဒီဟာကို ကျနော်တို့ ကြည့်ပြီး ပြောလို့ရှိရင် စစ်ကောင်စီ နဲ့ PNO တွေ ပေါ့ နော် စစ်ဘေး ရှောင်တွေကို တိုက်ခိုက်လာနေတာတော့ ရှိတယ် ဒရုန်းအသုံးပြုပြီးတော့ပေါ့” ဟု ပြောသည်။
ရှမ်း – ကရင်နီနယ်စပ်တွင် နိုဝင်ဘာလ ပထမပတ်ထိ နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီသည် ကရင်နီပြည်အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အရေးကြီးသည့် လမ်းပိုင်းများအား ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ခူးကိုရယ်က ဆက်ပြောသည်။
“သူတို့ လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ ကရင်နီပြည် အတွင်းက နေရာတွေကို သူတို့အင်အား ပြန်ဖြည့်ဖို့ ဖြစ်တယ်။ စစ်လက်နက်တွေ သူတို့ပြန်ဖြည့်ဖို့ ရှိတယ်ဆိုတော့ လမ်းကြောင်းက ၃ ကြောင်းလောက် ရှိမယ်ပေါ့နော်။ သူတို့ ဝင်လာနိုင်တဲ့ လမ်းကြောင်းက ပင်လောင်းဖက်ရှိမယ် ပြီးရင် ညောင်ရွှေဖက် ရှိမယ်။ လွိုင်ကော်ကို သူတို့ ပြန် ထိန်းချုပ်တာရှိမယ်။ ပြီးတော့ လွိုင်ကော်ကနေ တစ်ဆင့် ကရင်နီတောင်ဖက်ကို သူတို့အင်အား ပြန်ဖြည့်ဖို့ ရှိမယ်။ ဒါတွေက အဓိက အကြောင်းအရင်းပေါ့နော်။”
အောက်တိုဘာလ ပထမပတ်မှ စတင်ကာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် နှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ တို့ဘက်က ဒရုန်းအပြင် လေကြောင်းမှ တိုက်ခိုက်မှုများပါ လုပ်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု များ အပြင် အရပ်သားပြည်သူများပါ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဒေသတွင်း စစ်ရေး သတင်း အရင်းအမြစ်များက ဆိုသည်။
လက်ရှိတွင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများတွက် စားနပ်ရိက္ခာများ၊ စောင်၊ အမိုးအကာများ လိုအပ်နေပြီး ကျေးရွာများထဲ ကျန်ခဲ့သည့် ဒေသခံများကိုလည်း စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် အသုံးပြုခံရမှာ၊ တိုက်ပွဲများထဲ ပိတ်မိသွားမှာကို စိုးရိမ်နေကြသည်။