သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်။ 

မြိတ်ခရိုင်၊ မြိတ်မြို့ရှိ မြိတ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသား တစ်ဦးမှ ပါရှိခြင်းမရှိဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

မြိတ်မြို့ရှိ အကျဥ်းထောင်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ အမိန့်အမှတ် (၃၁/ ၂၀၂၅)အရ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သော်လည်း နိုင်ငံရေး အကျဥ်းသား တစ်ဦးမျှ ပါဝင်လွတ်မြောက်ခဲ့ခြင်း မရှိကြောင်း အကျဥ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်အကျဉ်းထောင် ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား ၁၄ ဦး၊ အကျဉ်းသူ ၃ ဦးနှင့် မြိတ်မြို့နယ် စန္ဒဝတ် ကျေးရွာအုပ်စု ကျောက်ဖြူတောင်ကျေးရွာ ကျောက်ဖြူတောင် ကျောက်ထုတ်လုပ်ရေး စခန်းမှ အကျဉ်းသား ၁၅ ဦး၊ စုစုပေါင်း ၃၂  ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့် ရရှိ၍ ပြန်လည် လွှတ် ပေးခဲ့ကြသည်။

ကံမော်ကျေးရွာမှ အသက် ၅၀ ခန့်အရွယ် နိုင်ငံရေးအကျဥ်းသား တစ်ဦး၏ ဖခင်ဖြစ်သူက အရင် လွတ်ငြိမ်းတွေ မှာ မပါတော့ ဒီတပတ်တော့ နိုင်ကျဥ်းတွေလည်း ပါတယ်လို့ ကြားရလို့ အလုပ်တွေ ပစ်ထားပြီး လာစောင့်နေ တာ၊ အခုတော့ နိုင်ကျဥ်းတွေ မပါပြန်ဘူးဗျာ၊ ပင်လယ်ဘက်ကနေ အပြေးအလွှားလာ စောင့်နေရတာ၊ အမှုက နိုင်ငံရေးအမှု ၅၀၅က နဲ့ မတရားစွပ်စွဲခံနေရတာပါ ဟု ပြောသည်။

စစ်ကောင်စီမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ကျခံဖို့ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း ဧပြီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံး၌ရှိသည့် အကျဥ်းထောင်များမှ အကျဥ်းသားနှင့် အကျဥ်းသူ ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ထဲတွင် ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထို့အပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၃ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အလားတူ ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ ၂၃ ဦးကို လွှတ်ပေးခဲ့ရာတွင်လည်း  နိုင်ငံရေး အကျဉ်းသားတစ်ဦးသာ ပါဝင်ခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။

လွတ်မြောက်လာသူ အားလုံးနီးပါးမှာ ခိုးမှု၊ လုယက်မှု အပါဝင် ရာဇဝတ်မှုများနှင့် ထောင်ကျနေကြသူများ ဖြစ်ကြကြောင်း အကျဥ်းသား မိသားစုဝင်တစ်ဦးက ဆိုသည်။

ထားဝယ် အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဥ်းသား တစ်ဦးမှာ ၅၀၅ – က ပုဒ်မဖြင့် ထောင်ကျခံနေရသည့် ကိုကျော်သူရ‌အောင် ဖြစ်ပြီး လွတ်မြောက်ရက် နီးကပ်နေသူ တစ်ဦးဖြစ်သည်။

နိုင်ကျဉ်း ကိုကျော်သူရအောင်မှာ မေလ အတွင်း၌ လွတ်ရက်စေ့ကာ လွတ်မြောက်တော့မည့် အကျဉ်းသား တစ်ဦး ဖြစ်သည်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား၊ အကျဉ်းသူများကို လွတ်ငြိမ်းခွင့်ပြုရာတွင်နိုင်ငံရေးအကျဥ်းသား ပါဝင်မှု အလွန်နည်းသည့်အပြင် အချို့သော အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားများ လုံးဝ မပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM) က ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးသည့်နောက်မှ ယခုနှစ် ဧပြီလ ၁၁ ရက်နေ့အထိ  ၄ နှစ် ကျော် ကာလအတွင်း အာဏာသိမ်းဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၉,၀၃၀ ဦးရှိနေပြီး ထို အထဲ မှ ၂၂,၁၉၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ကာ ထိန်းသိမ်းခံနေရသူများ အနက်မှ ၁၀,၇၆၉ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။