သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့။
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ပျူစောထီး စခန်းအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် တစ်ဦး သေဆုံးသွား သည်ဟု ရွာသားများက ပြောသည်။
တောင်ငယ်ကျေးရွာအခြေစိုက် ရွှေဂဲညိုကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ဦးဌေးဝင်းမှာ လှည့်ကင်းလှည့်လည်ရန် ဆောင်ရွက်နေစဥ် ဧပြီလ ၁၆ ရက်နေ့၊ နံနက် ၃နာရီ အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။
အသက် ၅၀ ခန့် အရွယ် ရွာသားတစ်ဦးက “ပျူစောထီးအဖွဲ့ကို လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့ကပစ်တာ အချက်ပေါင်း မနည်းဘူး၊ ပျူစောထီးခေါင်းဆောင် တစ်ယောက်ကိုပဲ ရွေးပြီးပစ်သွားတာ၊ ကျန်တဲ့ ပျူစောထီး တွေက လက်နက်ထားပြီး ထွက်ပြေးသွားကြတယ်။ ပစ်တဲ့အဖွဲ့က ပြန်သွားတဲ့အချိန် သေနတ် ၁၀ လက်ကို လည်း သိမ်းယူသွားတယ်” ဟု ပြောသည်။
ယင်းပစ်ခတ်မှုကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့ မှ ဝင်ရောက် ရှင်းလင်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ပေါင်တွင် ကျည်ရှပ်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
ပစ်ခတ်ရှင်းလင်းခဲ့စဥ် AK – ၅ လက်၊ ကာဘိုင် – ၁ လက် ၊ M 16 – ၃ လက် ၊ 79 – ၁ လက်နှင့်အတူ 40 mm ကျည် ၅ လုံး ၊ M 16 ကျည် ၂၀ ထောင့်၊ ကာဘိုင်ကျည် ၇ထောင့် ၊ အီကွေးမင်း – ၁ စုံ ၊ M 16 ကျည်ဘောက် ၂ ခု၊ စကားပြောကြောင်း စက် ၁ လုံး နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖေါ်ပြထားသည်။
ပျူစောထီးခေါင်းဆောင် ဦးဌေးဝင်းသည် ဘုတ်ပြင်းမြို့နယ် တောင်ငယ်ကျေးရွာဇာတိဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ် အလယ်ပိုင်းတွင် ရွှေဂဲညိုကျေးရွာသို့ ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်နေပြီး ငါးဖမ်းလှေများကို ဆက်ကြေးကောက်ခံသူ တစ်ဦးဖြစ်သည်။
အလားတူ ညအချိန် အပြင်မထွက်ရန် ရွာသားများအား ခြိမ်းခြောက်အမိန့်ထုတ်သူလည်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
ပျူစောထီး ခေါင်းဆောင်၏ ရုပ်အလောင်းကို ဘုတ်ပြင်းမြို့ဆေးရုံသို့ လှေဖြင့်သယ်ယူသွားသည်ဟု နီးစပ်သူများ က ဆိုသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အင်အားကောင်းသည့် ကျေးရွာများထဲတွင် ရွှေဂဲညိုရွာနှင့် ချောင်းကဖီးကျေးရွာ ပါဝင်သည်။