ကယန်း အမျိုးသားနေ့ ပွဲကျင်းပရာ ကွင်းအနီး စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
ကယန်း အမျိုးသားနေ့ ကျင်းပသည့် ဘောလုံးကွင်း အနီးကို ကယန်း အမျိုးသားနေ့ဖြစ်သည့် ဧပြီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ပေါင် ၂၀၀ ဗုံး နှစ်လုံး ကြဲချခဲ့သည်ဟု ရွာသားများက ပြောသည်။
ရှမ်း-ကရင်နီ အစပ်၊ ရှမ်းပြည်တောင်းပိုင်းရှိ ဖယ်ခုံမြို့နယ်ထဲက သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုထဲ ဒေသခံအရပ်သား ၂ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။
ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာကို ဧပြီလ ၁၀ ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ပေါင် ၂၀၀ ဗုံး ၂လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
သိကျိတ်ရွာသား တစ်ဦးက“ည ၁၁ နာရီ ၄၅ မိနစ်မှာပါ ခင်ဗျ။ ကယန်းအမျိုးသားနေ့ ကျင်းပတဲ့ ဘောလုံး ကွင်းရဲ့ ဘေးနားမှာပါ။ ပေါင် ၂၀၀ ဗုံးနဲ့ပေါ့ ၂ လုံး။ အရပ်သား နေအိမ်တစ်လုံးတော့ ထိခိုက် ပျက်စီးသွားတာ ပေါ့။ အိမ်ရှင်တို့ကတော့ အိပ်နေတုန်းပဲ ဗုံးစ မှန်တာကြောင့် နေအိမ်အုတ်ပြိုလို့ ဖိတာမျိုးနဲ့ ဒဏ်ရာတော့ အနည်းငယ်ရပါတယ်။ ၂ ယောက်ထိခိုက်ဒဏ်ရာရတယ်“ ဟု ပြောသည်။
ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတုသဘင် အခမ်းအနားကို ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားပြုလုပ်ခဲ့သည့် ဘောလုံကွင်းနေရာနှင့် အနီးဝန်း ကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အပေါ် သိကျိတ် ရွာသားက ယခုကဲ့သို့ ဆက်ပြောသည်။
“ဒီဒေသကတော့ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ဒေသက နေပြည်တော်နဲ့ အနီးကပ်ပဲ ဖြစ် တယ်။ ဒါကတော့ သူတို့ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ မြင်တယ်။ ကျနော်တို့ လူထုတွေက ကယန်း အမျိုးသားနေ့ကို သိုက်သိုက်မြိုက် မြိုက် ကျင်းပတာတွေကို သူတို့က နှောင့်ယှက်ချင်တာမျိုးပဲလို့ မြင်တယ်။”
ကရင်နီပြည်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ် ကြုံတွေ့ရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး နေအိမ် ၆လုံး ပျက်စီးခဲ့သည်ဟု ကရင်နီပြည် ကြာကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောသည်။
စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတစ်ဝှမ်း ငလျင်ဘေးကြောင့် ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်း လိုက်နာ ဆောင် ရွက်ခြင်း မရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဥ်ဆက်တိုက် လုပ်ဆောင်နေသည် ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောသည်။