ရှမ်းတောင် ငလျင် ဒဏ်သင့်သူများ အကူအညီ ရရှိမှု နည်းပါး

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်။ 

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့သည့် ရှမ်းပြည်တောင်ပိုင်းမှာ ယနေ့အချိန်ထိ အကူအညီ ရောက်ရှိမှု နည်းပါးနေဆဲဖြစ်သည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများက ပြောသည်။

နှစ်ပတ်ကျော်ကြာလာသည် အထိ အကူအညီများ ရောက်ရှိမှုနည်းပါးနေပြီး ကြန့်ကြာရခြင်းမှာ စစ်ကောင်စီ၏ ပိတ်ပင် တားဆီးမှုများကြောင့် ဖြစ်သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူက ပြောသည်။

PYO ဒု-ဥက္ကဋ္ဌ ခွန်ဦးက “ပထမတစ်ချက်က နိုင်ငံတကာက အကူအညီတွေရော ပြည်တွင်းထဲက အကူညီတွေရော တော်တော်များများက သွားလာခွင့်အဟန့်အတား တစ်ချို့ရှိတယ်။ စစ်ကောင်စီ ကိုယ်တိုင်ကလည်း အကူအညီ ပေးတဲ့ တစ်ချို့နေရာတွေမှာ သူတို့ခွင့်ပြုချက်ရမှ ဆိုတဲ့ဟာမျိုးတွေကြောင့် နှောင့်နှေး ကြန့်ကြာမှုတွေ အဓိက တွေ့နေရတာ ရှိတယ်ဟု ပြောသည်။

ထို့ကြောင့် လိုအပ်သည့် နေရာများကို အကူအညီများ အမြန်ဆုံး ရောက်ရှိနိုင်ရေး အဆင့်ဆင့်က ပိတ်ပင်တားဆီး မှုများကို လျော့ဖို့လိုအပ်သည်ဟု ခွန်ဦးက ဆက်ပြောသည်။

ဒုတိယတစ်ခုက သတင်းအချက်လက်တွေ မြန်မြန်တင်နိုင်မှ မြန်မြန်လုပ်နိုင်မှ သူများသိပြီးမှ မြန်မြန် ဆောင် ရွက်လို့ ရတယ်ပေါ့လေ။ ပြောရမယ်ဆိုရင် ယန္တရားတစ်ခုလုံးလည်း အလုပ် ဖြစ်မနေဘူး။ ကိုယ့်နိုင်ငံ ကိုယ့် ဒေသမှာပေါ့လေ၊ အဲ့လိုမျိုး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ဖို့ကတော့ သေချာတယ်။ အခုကတော့ လူထုကနေ လူထုကို လွတ်လွတ်လပ်လပ်ကူဖို့ ဆောင်ရွက်ဖို့ အဓိက လိုအပ်တယ်။ တားဆီးတာ ပိတ်ပင်တာ လည်း လျော့ဖို့လည်း လိုတယ်လေနော်။”

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် အင်းလေးဒေသအတွင်း ပျက်စီးသွားသည့် နေအိမ်များ အမြန်ဆုံးပြန်လည် ဆောက်လုပ်နိုင်ရေး ကူညီပေးကြဖို့ ဒေသခံများ မျှော်လင့်နေကြသည်။

စားရေး သောက်ရေး၊ စားနပ်ရိက္ခာထက် နေရေးထိုင်ရေးအတွက် မိုးတွင်းအမှီ နေအိမ်များ အမြန်ဆုံး ပြန်လည် ဆောက်လုပ်နိုင်ရေး ကူညီပေးစေချင်သည်ဟု အင်းလေး ဒေသခံများက ပြောသည်။

အလားတူ ငလျင်ဒဏ်သင့်ခဲ့သော အင်းလေးဒေသနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ထိုးနေသည့်အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် လူထုအပေါ် ပိုမိုဒုက္ခရောက်စေသည် ဟု ဆိုသည်။

ခွန်ဦးက “ငလျင်ဒဏ်သင့်နေတဲ့ ကာလမှာ တိုင်းရင်းသားတွေ ဘက်ကရော အင်အားစုတွေ တော်တော်များများ က အပစ်ရပ်ထားတယ်။ စစ်ကောင်စီဘက်က အပစ်ရပ်ဖို့ ကြေညာထားသော်လည်းပဲ လက်တွေ့ မြေပြင်မှာ စစ်ကြောင်းနဲ့ လေကြောင်းနဲ့ စစ်ထိုးတာတွေလည်း ရှိနေသေးတယ်။ ပြီးတော့မှ ပိတ်ပင်မှုတွေ ရှိနေသေးတဲ့ အတွက်ကြောင့်မို့လို့ ဒါလူထုအပေါ်မှာ ဒုက္ခအများကြီး ပိုရောက်စေတာမျိုးလို့ တွေ့မိတယ်ပေါ့လေနော်” ဟု ဆက်ပြောသည်။

ငလျင်ဒဏ်သင့်ခဲ့သည့် ဒေသထဲတွင် ပါဝင်သည့် ညောင်ရွှေမြို့၏ တောင်ဘက် ၁၀ မိုင်ခန့်တွင်လည်း စစ်ကောင်စီ တပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA တို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဟု ဒေသခံများက ဆိုသည်။

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသတွင် ထိခိုက်ပျက်စီးသွားသည့် နေအိမ်ပေါင်း အလုံးရေ ၃၀၀၀ ကျော် ရှိသည် ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

ပျက်စီးသွားသည့် နေအိမ် အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်နိုင်ရေးလည်း အကူအညီ များ လိုအပ်နေဆဲဖြစ်ပြီး လက်ရှိတွင် ဒေသခံများ ကိုယ်တိုင်ကပဲ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရသည်ဟု ဆိုသည်။

ရှမ်းပြည်တောင်ပိုင်းက ညောင်ရွှေ၊ အင်းလေး၊ ပင်လောင်း နင့် အောင်ပန်းမြို့နယ်တို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက် သေဆုံးသူ စုစုပေါင်း ၁၅၁ ဦး ရှိခဲ့ပြီး နေအိမ်များလည်း ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု PYO က ဧပြီလ ၃ရက်နေ့တွင် ထုတ်ပြန်ထားသည်။