အပူအစပ်စားခြင်းသည် နှလုံးနှင့် ဦးနှောက်အတွက် အထောက်အကူပြုနိုင်သည်ဟု ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
အပူအစပ် စားခြင်းသည် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည်ဟု တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် သုတေသန တစ်ခုက တွေ့ရှိခဲ့သည်။
သုတေသနသည် လူပေါင်း ၅၄,၀၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ပြီး၊ အပူအစပ်ကို ပုံမှန်စားသုံး သူများသည် နှလုံးနဲ့ ဦးနှောက်ဆိုင်ရာ ရောဂါဝေဒနာများ ဖြစ်ပွားနိုင်ခြေ ပိုနည်းသည်ကို တွေ့ရသည်ဟု Zhonghua Liu Xing Bing Xue Za Zhi ကျန်းမာရေး သိပ္ပံ ဂျာနယ်တွင် ဖော်ပြထား သည်။
တစ်ပတ်တွင် ၆ ရက်မှ ၇ ရက်အထိ အပူအစပ်ကို စားသုံးသူများသည် နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်နိုင်ခြေ ပိုနည်းသည်ဟု သုတေသနက ဆိုသည်။
အပူအစပ် စားသုံးမှုများလေလေ ရောဂါဖြစ်နိုင်ခြေ ပိုနည်းလေလေဟုလည်း ဆိုထားသည်။
ငရုတ်သီးမှုန့်ကဲ့သို့ အပူအစပ်အစားအစာများတွေ အဓိကပါဝင်ပစ္စည်းတစ်ခုမှာ Capsaicin (ကပ်ဆိုင်စင်) ဟုခေါ်သော ဓာတ်တစ်မျိုး ဖြစ်သည်။ ထိုဓာတ်သည် လူများ အပူအစပ်စားသည့်အခါ ခံစားရသည့် ပူလောင်သော ခံစားချက်ကို ဖြစ်စေသည်။
ကပ်ဆိုင်စင်ဟာ ခန္ဓာကိုယ်ထဲရှိ အာရုံကြောများနှင့် သွေးကြောနံရံများတွင် ရှိသော အာရုံခံစနစ်ကို လှုံ့ဆော်ပေးသည်။ ထိုသို့ ပုံမှန်လှုံ့ဆော်ပေးသည့်အခါ သွေးကြောများကို ကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေသည့် Nitric Oxide (နိုက်ထရစ်အောက်ဆိုဒ်) ဓာတ် ထုတ်လုပ်မှုကို တိုးမြှင့်ပေးသည်။
ထိုဖြစ်စဉ်ကြောင့် သွေးပေါင်ချိန်ကို ကျစေပြီး သွေးကြော နံရံများကို ပိုမိုသန်မာစေသည်။
သွေးကြောများ သန်မာပြီး ပျော့ပြောင်းသည့်အခါ နှလုံး၏ အလုပ်ဝန်ကို လျော့ကျစေပြီး ရေရှည်တွင် နှလုံးကျန်းမာရေးအတွက် အထူးအကျိုးပြုသည်ဟု ဆိုသည်။
သို့ဖြစ်ရာ အပူအစပ် စားသုံးခြင်းသည် ခံတွင်းလိုက်ရုံတင်သာမက နှလုံးသွေးကြောစနစ်ကိုပါ ကျန်းမာစေနိုင်သည်ဟု သုတေသီများက ဆိုသည်။