မုံရွာ နမခ တိုက်ခိုက်ခံရမှု အရာရှိ/စစ်သား ၁၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အရေးပါသော စစ်ရေးပစ်မှတ်တစ်ခုကို တော် လှန်ရေး အဖွဲ့များဘက်က ကြီးမားသည့် ထိုးစစ်ဆင် တိုက်ခိုက်မှု ဖြစ်ပြီး ရိက္ခာဂိုဒေါင် ၂ လုံးလည်း ပျက်စီး သွားခဲ့သည်။

စစ်တိုင်းရုံးက အရာရှိ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရိက္ခာဂိုထောင်စောင့် စစ်သား ၂ ဦးလည်း ပွဲချင်းပြီး သေဆုံး ခဲ့သည်ဟု Chindwin Rocket Brother (CRB) အဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် တပ်တွင်းမိသားစု ၅ စု ထိခိုက်ခဲ့ပြီး အဆိုပါ ထိခိုက်မှုထဲ၌ မိသားစုဝင် ၅ ဦးက ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ အလားတူ ထိမှန် ဒဏ်ရာရသွားသည့် သူများကိုမူ တပ်ဆေးရုံသို့ အရေးပေါ်ပို့ခဲ့ရသည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကို အောက်တိုဘာလ ၂ ရက်နေ့၊ ည ၈ နာရီအချိန်၌ တော်လှန်ရေးတပ်များ ပူးပေါင်းပြီး လုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဗမာ့တပ်တော်က ထုတ်ပြန်ထားသည်။

ရိက္ခာဂိုဒေါင် ၂ ခု ပျက်စီးခဲ့ခြင်းကြောင့် ရှေ့တန်း စစ်ဆင်ရေးအတွက် စစ်ရေးအရ အရေးပါသည့် ထောက်ပံ့ရေး ပိုင်းကို ထိခိုက်စေနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

မုံရွာ နမခ ကို တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံ တော်လှန်ရေးအင်အားစုများ အတွက် အရေးပါသည့် စစ်ရေးအောင်မြင်မှု တစ်ခုအဖြစ် တော်လှန်ရေး တပ်ဖွဲ့များက သုံးသပ်ထားသည်။

နမခ သည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည် မြောက်ပိုင်းက စစ်ဆင်ရေးတို့ကို ဦးဆောင်ကွပ်ကဲသည့် ဗဟိုဌာန ဖြစ် သောကြောင့် အဆိုပါ ဌာနချုပ်ကို တိုက်ခိုက်နိုင်ခြင်းမှာ ဒေသတွင်း စစ်တပ်၏ ထိန်းချုပ်မှုနှင့် လုံခြုံရေး အားနည်းချက်ကို မီးမောင်းထိုးပြရာ ရောက်သည်ဟုလည်း ဆိုကြသည်။

သို့သော် စစ်ကော်မရှင်တပ်ဘက်ကမူ ယခု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မျိုး မရှိသေးပေ။