ခေါင်လန်ဖူး စခန်းနှစ်ခု KIA သိမ်းပိုက်၊ စစ်တပ်က လန်ဆယ်ဒေသကို ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် လက်တုံ့ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
ကချင်ပြည် မြောက်ဖျား ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ စခန်း ၂ ခု လက်လွှတ်ရပြီး နောက် လန်ဆယ်ဒေသ ၃ ရက်တိုက် လေကြောင်းကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံနေရသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ကော်မရှင် ပူးပေါင်း တပ်ဖွဲ့ဝင်များ၏ စခန်းနှစ်ခု လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်က လန်ဆယ်ဒေသကို သုံးရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။
KIA ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ခေါင်လန်ဖူးမြို့နယ်ထဲရှိ စစ်ကော်မရှင် ပူးပေါင်းတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သိမ်းပိုက်ခံရသည့် စခန်းများမှာ ရှလာန်ဒမ်းပြည်သူ့စစ်စခန်း နှင့် မခေါင်ဒမ်းရွာ ဆုတောင်းတောင်ကုန်းပေါ်ရှိ ပြည်သူ့စစ်စခန်းကြီး တို့ဖြစ်ပြီး ၎င်းတို့သည် လန်ဆယ်နှင့် ခေါင်လန်ဖူးကြား၊ KIA တပ်ဖွဲ့များရှိရာ ဒေသနှင့် အနီးကပ်ဆုံး တည်ရှိသည့် စခန်းများဖြစ်သည်။
KIA ဘက်က ခေါင်လန်ဖူးဘက်သို့ ဆက်လက်ထိုးစစ်ဆင်နေသဖြင့် စစ်ရေးတင်းမာမှု မြင့်တက်နေသည်။
စခန်းများ လက်လွှတ်လိုက်ရပြီးနောက် စစ်ကော်မရှင်တပ်သည် အောက်တိုဘာ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ သုံးရက်ဆက်တိုက် လန်ဆယ်ဒေသကို လေကြောင်းဖြင့် လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်နေသည်။
အောက်တိုဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် လန်ဆယ်မှ တစ်မိုင်ခန့်အကွာရှိ ရွှေမှော်တစ်ဝိုက်ကို ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ ၂၀ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လန်ဆယ်အနီး လပေါကျေးရွာမှ ရွာခံအမျိုးသား တစ်ဦး သေဆုံး ခဲ့ရသည်။
ထို့အပြင် လန်ဆယ်မြို့ထဲရှိ စျေးဆိုင်များ၊ နေအိမ်များနှင့် ဘုရားကျောင်းဆောင်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ခေါင်လန်ဖူးအပြင် ဝိုင်းမော်မြို့နယ် လမြန်ဒေသနှင့် ဖားကန့် KIA တပ်ရင်း ၆ နယ်မြေအပါအဝင် KIA ထိန်းချုပ်နယ်မြေ ၁၁ နေရာ ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ ကြောင်း KIA သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။