ဂျပန်-တရုတ် စစ်ရေးတင်းမာမှုအတွင်း Lock-on အငြင်းပွားမှုဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
စနေနေ့က ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းအနီးရှိ နိုင်ငံတကာရေပိုင်နက်တွင် တရုတ်လေယာဉ်တစ်စင်းက ဂျပန်တိုက်လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်နိုင်သည့် ရေဒါဖြင့် ပစ်မှတ်ချိန်မှု (Lock-on) ဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု ပြင်းထန်ခဲ့သည်။
Lock-on ဟုခေါ်သော ရေဒါဖြင့် ပစ်မှတ်ချိန်မှုသည် ကမ္ဘာ့အသိုင်းအဝိုင်းက ရန်လိုသော အပြုအမူအဖြစ် အသိအမှတ်ပြုထားပြီး တိုက်ပွဲဖြစ်ပွားလုနီးပါး အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ ဤဖြစ်စဉ်သည် နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးသော တိုက်ရိုက်စစ်ရေးရင်ဆိုင်မှု ဖြစ်လာခဲ့သည်။
ဂျပန်အစိုးရက အဆိုပါအပြုအမူကို “အန္တရာယ်ရှိသော” အပြုအမူအဖြစ် ရှုတ်ချခဲ့ပြီး တရုတ်ကို တရားဝင် ကန့်ကွက်ခဲ့သည်။ ထို့အပြင် နောက်ထပ် မဖြစ်ပွားစေရန် တင်းတင်းမာမာ တောင်းဆိုခဲ့သည်။
ဂျပန်လေယာဉ်များကို ပစ်မှတ်ချိန်ခဲ့သော တရုတ် J-15 ဂျက်လေယာဉ်များ သည် တရုတ်၏ လေယာဉ်တင်သင်္ဘော Liaoning မှ ပျံတက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် အိုကီနာဝါတောင်ဘက်တွင် စစ်ရေးလေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။
တရုတ်ရေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝမ်ဆူမန်း (Wang Xuemeng) က ဂျပန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ထို့အပြင် ဂျပန်လေယာဉ်များက ကြိုတင်ကြေညာထားသည့် တရုတ်သင်္ဘောအခြေစိုက် စစ်ရေးလေ့ကျင့်မှုများကို အကြိမ်ကြိမ် ချဉ်းကပ်နှောင့်ယှက်ခဲ့သည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။
ဤ Lock-on ဖြစ်စဉ်မတိုင်မီကပင် တရုတ်-ဂျပန် ဆက်ဆံရေးမှာ တင်းမာနေခဲ့သည်။ အထူးသဖြင့် ဂျပန်ဝန်ကြီးချုပ်သစ် စေနိုင်း တာကာအီချီ (Sanae Takaichi) က တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာပါက ဂျပန်အနေဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ကြောင်း ပြောကြားခဲ့သည့် သဘောထားမျိုး ထွက်ပေါ်လာပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ခြင်း ဖြစ်သည်။