ကမ္ဘောဒီးယား ဒုံးကျည် သိုလှောင်ရုံကို ထိုင်းက F-16 လေယာဉ်များဖြင့် တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။
ထိုင်းဘုရင့်လေတပ် (Royal Thai Air Force) က ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဥဒုံမီးချိုင်း (Udon Meechai) ပြည်နယ်ရှိ ဆမ်ရွန်း (Samrong) မြို့လယ်ရှိ အတွဲလိုက် ဒုံးကျည်များ ဖြစ်သည့် BM-21 ဒုံးကျည် သိုလှောင်ရုံ တစ်ခုကို ဖျက်ဆီးခဲ့သည်က ပြောကြားခဲ့သည်။
ထိုင်းလေတပ်သည် လေဆာဖြင့် လမ်းညွှန်သည့် ဗုံးများ (laser-guided bombs) ကို အသုံးပြု၍ ဖျက်ဆီးခဲ့ပြီး ယင်းစစ်ဆင်ရေးအတွက် F-16 ကို အသုံးပြုခဲ့သည်ဟု ထိုင်းလေတပ်ကို ကိုးကား၍ Khaosod သတင်းဌာနက သတင်းဖော်ပြသည်။
အဆိုပါ သိုလှောင်ရုံသည် ထိုင်းနိုင်ငံကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်ကြီးများ ကို သိုလှောင်ထားသည့် နေရာဖြစ်ကြောင်း လေတပ်က ဖော်ပြသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မြေပြင်တွင် အင်အားပြင်းထန်သော ထပ်ဆင့်ပေါက်ကွဲမှုများ (secondary explosions) ဖြစ်ပွားခဲ့သည်ဟု ထိုင်းလေတပ်က ထုတ်ပြန်သည်။
ဤတိုက်ခိုက်မှုမတိုင်မီက ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံရှိ နေရာများစွာကို BM-21 ဒုံးကျည်များ၊ လက်နက်ကြီးများ နှင့် အသေခံ ဒရုန်းများ (suicide drones) ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ထိုင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
အင်္ဂါနေ့ နံနက်ပိုင်းကစ၍ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အရ ထိုင်းစစ်တပ်က တုံ့ပြန်နေကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များက ကမ္ဘောဒီးယားအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးပြီ ဖြစ်ပြီး စစ်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ထားကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားတပ်ဖွဲ့များက လက်နက်ကြီးများ အသုံးပြုသည် ဟု အတည်ပြုနိုင်ပါက ထိုင်းနိုင်ငံအနေဖြင့် ကြိုတင်တိုက်ခိုက်မှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း ထိုင်းစစ်တပ်က အခိုင်အမာ ပြောကြားခဲ့သည်။