ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံသားများ အပေါ် ပါတီများ၏ သဘောထား

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။ 

လာမည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၌ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာစေရန်အတွက် အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည် ဖြစ်သည်။ 

လက်ရှိတွင် လူကြိုက်များရေပန်းစားနေသည့် အဓိကပါတီကြီး (၄) ခုရှိပြီး၊ ၎င်းတို့၏ မူဝါဒများနှင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားများကို ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာက ဖော်ပြထားသည်။

၁။ ဘွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) လက်ရှိ ယာယီဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) ဦးဆောင်သည့် ပါတီဖြစ်သည်။ 

မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရားမဝင် အလုပ်သမားများ ဝင်ရောက်မှုနှင့် မှောင်ခိုပစ္စည်းစီးဆင်းမှုများကို တားဆီးနိုင်ရန်အတွက် နယ်စပ်တစ်လျှောက် တံတိုင်းများ တည်ဆောက်သွားမည့် မူဝါဒကို ကိုင်စွဲထားသည်။

၂။ ပြည်သူ့ပါတီ (People’s Party) နတ်ထဖုန်း ရောင်ပန်ညာဝပ် (Natthaphong Ruengpanyawut) ဦးဆောင်သော ဤပါတီသည် ဖျက်သိမ်းခံလိုက်ရသည့် Move Forward ပါတီ၏ မျိုးဆက်သစ်ဖြစ်ပြီး လူငယ်ထုနှင့် မြို့ပြလူထုကြားတွင် အားပေးမှု အများဆုံး ရရှိထားသည်။ 

နိုင်ငံခြားသား အလုပ်သမား မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ပိုမိုရိုးရှင်း ပွင့်လင်းမြင်သာစေရန်နှင့် ပွဲစားခများ၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် ကတိပြုထားသည်။ 

ထို့ပြင် နယ်စပ်ဒုက္ခသည်များကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုပေးအပ်ရန်နှင့် ၎င်းတို့၏ လုံခြုံရေးကို အာမခံချက်ပေးရန် လိုလားသည်။ ဤပါတီ အာဏာရလာပါက မြန်မာအတိုက်အခံ အင်အားစုများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖွယ် ရှိသည်။

၃။ ဖွေထိုင်းပါတီ (Pheu Thai Party) ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်နာဝပ်၏ ထောက်ခံသူများနှင့် မျိုးဆက်များ ဦးဆောင်သည့် ပါတီဖြစ်သည်။ 

ဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ယော့ချနန် ဝမ်စဝပ် (Yodchanan Wongsawat) က ဦးဆောင်လျက်ရှိသည်။ 

စီးပွားရေးဆိုင်ရာ မူဝါဒများကို ဦးစားပေးပြီး “သူဌေးဖြစ်စေမည့် အစီအစဉ်” အဖြစ် နေ့စဉ် ဘတ် (၁) သန်းဆု (၉) ဆု မဲဖောက်ပေးမည့် အစီအစဉ်ဖြင့် မဲဆွယ်လျက်ရှိသည်။ 

မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ပြန်လည်မောင်းထုတ်ခြင်းထက် စနစ်တကျ မှတ်ပုံတင်စေခြင်းကို ပိုမိုလိုလားသော ပါတီဖြစ်သည်။

၄။ ဒီမိုကရက်ပါတီ (Democrat Party) ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ပါတီဖြစ်ပြီး ပါတီခေါင်းဆောင်ဟောင်း အဖိဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) ပြန်လည်ပါဝင်လာခြင်းကြောင့် စိတ်ဝင်စားမှု မြင့်တက်နေသည်။ 

၎င်းတို့၏ မူဝါဒမှာ လူ့အခွင့်အရေး (Human Rights) အပေါ် အခြေခံသော်လည်း၊ ယခု ၂၀၂၆ ရွေးကောက်ပွဲတွင်မူ အခြားပါတီများနည်းတူ တရားမဝင် ဝင်ရောက်မှုများကို စနစ်တကျ ထိန်းချုပ်သွားမည်ဟု ပြောဆိုထားသည်။