ရုရှားကိုယ်စားလှယ်နှင့်တွေ့ဆုံမှုတွင် စစ်ခေါင်းဆောင် ပြန်လည်ပေါ်ထွက်လာ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။
သတင်းမီဒီယာများနှင့် လူမြင်ကွင်းမှ ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့သော ယာယီသမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (ယမန်နေ့) ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ရုရှားကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံကာ လူမြင်ကွင်းသို့ ပြန်လည်ရောက်ရှိလာသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ရုရှားနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရွှိုင်းဂူ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ရုရှားနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ ကြပြီး အထူးသဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ထို့ပြင် လက်ရှိ ဒေသတွင်း ပြဿနာတစ်ရပ် ဖြစ်နေသော အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးတွင် လည်း ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ပါဝင်ကြောင်း ဖော်ပြထားသည်။
စစ်ခေါင်းဆောင်သည် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သို့ ရောက်ရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့တစ်ခု၏ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း လူမြင်ကွင်းမှ ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
ထိုအတောအတွင်း နိုင်ငံတော်ပြန်တမ်း အချို့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမည်ဖြင့် လက်မှတ်ရေး ထိုး ထုတ်ပြန်မှုများ ရှိခဲ့သော်လည်း လူကိုယ်တိုင် ပေါ်ထွက်လာခြင်း မရှိသည့်အတွက် ကျန်းမာရေးနှင့် ပတ်သက်၍ ကောလဟာလ အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။
ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများတွင် စစ်ခေါင်းဆောင်ကို ရုရှားကိုယ်စားလှယ်နှင့် အတူ ပြန်လည်မြင်တွေ့ခဲ့ရပြီးနောက် ၎င်း၏လက်မှတ်ဖြင့် ‘ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ’ ကိုလည်း ချက်ချင်းဆိုသလို ထုတ်ပြန်ခဲ့သည်။
လေ့လာသူများကမူ ယခုကဲ့သို့ လူမြင်ကွင်းသို့ ပြန်လည်ပေါ်ထွက်လာခြင်းနှင့် ဥပဒေသစ်တစ်ရပ်ကို အလျင် အမြန် ထုတ်ပြန်ခြင်းသည် စစ်ခေါင်းဆောင်၏ အာဏာတည်မြဲရေးနှင့် နိုင်ငံရေးအရ အကာအကွယ်ယူရန် ပြင်ဆင်မှုတစ်ခု ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #စစ်ကော်မရှင်