အစိုးရသစ်မဖွဲ့မီ အာဏာချုပ်ကိုင်နိုင်မည့် အတိုင်ပင်ခံကောင်စီဥပဒေကို စစ်ခေါင်းဆောင်ပြဋ္ဌာန်း
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။
ယာယီသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲအပြီး အစိုးရသစ် အဖွဲ့ မဖွဲ့စည်းမီ လပိုင်းအလို ဖြစ်သော ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ‘ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီ ဥပဒေ’ ကို အတည်ပြုပြဋ္ဌာန်းလိုက်သည်။
အဆိုပါ ဥပဒေသစ်အရ ဖွဲ့စည်းမည့် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီတွင် ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အား နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးရမည်ဖြစ်သည်။
သို့သော်လည်း လက်ရှိနိုင်ငံရေး အခြေအနေအရ ယင်းကောင်စီ ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ရယူရန် သို့မဟုတ် နောင်တက်လာမည့် အစိုးရအဖွဲ့အပေါ် ဥပဒေကြောင်းအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ဤဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
ယခင် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် ရယူခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟု ဝေဖန်ကန့်ကွက်ခဲ့သော စစ်ခေါင်းဆောင်သည် ယခုအခါတွင်မူ ၎င်းကိုယ်တိုင် အလားတူပုံစံ ရာထူးသစ်တစ်ခုကို ဥပဒေအသစ်ဖြင့် ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။
နိုင်ငံရေးအကဲခတ်များက ဤဥပဒေပြဋ္ဌာန်းချက်သည် စစ်ကော်မရှင်က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲ အပြီး တွင် အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာစေကာမူ စစ်ခေါင်းဆောင်အနေဖြင့် နိုင်ငံတော်အာဏာကို နောက် ကွယ်မှ ဆက်လက်ချုပ်ကိုင်ထားနိုင်မည့် နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ရှုမြင်နေကြသည်။