ဖလမ်းသို့တက်လာသည့် စစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ၃၀ ကျော်သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။
ချင်းပြည် မြောက်ပိုင်း၊ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဖလမ်းမြို့သို့ စစ်ကူပေးရန် တက်လာသော စစ်ကော်မရှင် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကော်မရှင် တပ်သား ၃၆ ဦး သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ ဖလမ်းမြို့သို့ ဦးတည် တက်လာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကော်မရှင် စစ်ကြောင်းကို သိုင်းငင်းနှင့် ဖလမ်းမြို့အကြားတွင် ချင်းညီနောင် (CB) နှင့် ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၂ နာရီနီးပါး ကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ အလောင်း ၃၆ လောင်းနှင့်အတူ လက်နက် ၃၀ ကျော်ကို ချင်းပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “သူတို့က ဖလမ်းကို ပြန်ရဖို့ အင်အား အလုံးအရင်းနဲ့ စစ်ကူလွှတ်နေတာ။ ဒါပေမဲ့ ကျနော်တို့ဘက်က လမ်းကြောင်းတွေကို ဝိုင်းဝန်းပိတ်ဆို့ထားတော့ သူတို့ ရှေ့မတိုးနိုင်ဘဲ တန့်နေတယ်။ မြေပြင်မှာ အထိနာတော့ လေကြောင်းနဲ့ ဒရုန်းကိုပဲ အလွန်အကျွံသုံးပြီး ပစ်နေပေမဲ့ ဒီနေ့အထိ မြို့နားကိုတောင် သူတို့ မကပ်နိုင်သေးဘူး” ဟု ပြောသည်။
ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလကတည်းက ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်သည် အဆိုပါမြို့ကို ပြန်လည်ရရှိရန် ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက လမ်းကြောင်း နှစ်ခုခွဲကာ အင်အားတစ်ထောင်ကျော်ဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်ရှိ ပူးပေါင်းတပ်ဖွဲ့များသည် ဖလမ်းမြို့ပတ်ဝန်းကျင်ရှိ စစ်ကော်မရှင်တပ်များကို ပိတ်ဆို့ဖြတ်တောက်ထားဆဲ ဖြစ်ပြီး စစ်ရေးအရှိန်မှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။