မိသားစုအတွက် ၂ မိုင်ခွဲ ရေကူးအကူအညီတောင်းခဲ့သူ ၁၃ နှစ်သား သူရဲကောင်းကလေးငယ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။
ဩစတေးလျ ကမ်းခြေတစ်ခုမှာတော့ အမေဖြစ်သူနဲ့ မိသားစုအတွက် ၂ မိုင် ခွဲလောက်ပင်လယ်ပြင် ကို ရေကူးပြီး အကူအညီသွားတောင်းခဲ့တဲ့ ၁၃ နှစ်သားလေးဟာ သူရဲကောင်းအဖြစ်နဲ့ အများက ချီးကျူးခဲ့ကြရပါတယ်။
အဖြစ်အပျက်ကလေးဖြစ်ခဲ့တာကတော့ ပြီးခဲ့တဲ့ ဇန္နဝါရီလ ကုန်ပိုင်း သောကြာနေ့က ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ Quindalup ကွင်ဒါလု(ပ်) ကမ်းခြေမှာပါ။
ဂျိုအန် အက်ပယ်လ်ဘီး Joanne Appelbee နဲ့ သူ့ရဲ့ ကလေး ၃ ယောက်ဟာ အားလပ်ရက်မှာ ပျော်ပျော်ပါးပါး ကယက်လှေစီးနေခဲ့ကြပါတယ်။ အဲဒီ အချိန်မှာပဲ ရုတ်တရက် တိုက်ခတ်လာတဲ့ လေပြင်းနဲ့ လှိုင်းလုံးတွေက သူတို့ကို ကမ်းခြေနဲ့ မိုင်ပေါင်းများစွာ ဝေးရာ ပင်လယ်ပြင်ထဲကို ဆွဲခေါ်သွားခဲ့ပါတယ်။
အခြေအနေက စက္ကန့်နဲ့အမျှ စိုးရိမ်ရလာတဲ့အခါမှာ မိခင်ဖြစ်သူ ဂျိုအန်ဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရပါတယ်။ အဲဒါကတော့ အသက် ၁၃ နှစ်အရွယ် သားကြီးဖြစ်သူ အော်စတင် Austin ကို အကူအညီတောင်းဖို့ ကမ်းခြေဆီ ရေကူးခိုင်းလိုက်တာပါပဲ။
Austin ဟာ ကနဦးမှာ လှေငယ်လေးနဲ့ ထွက်လာခဲ့ပေမဲ့ လှေက ရေဝင်ပြီး မြုပ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ အသက်ကယ်အင်္ကျီကို ဝတ်ပြီး ရေကူးခဲ့ပေမဲ့ အင်္ကျီက သူ့ရဲ့ အရှိန်ကို နှေးကွေးစေတယ်လို့ ယူဆပြီး အသက်အန္တရာယ်ကြားကနေ အင်္ကျီကို ချွတ်ချခဲ့ပါတယ်။
၂ မိုင်ခွဲကျော် ခရီးကို ၄ နာရီကြာအောင် မနားတမ်း ကူးခတ်ခဲ့ပြီးနောက် ညနေ ၆ နာရီမှာတော့ သူဟာ ကမ်းခြေကို မောဟိုက်စွာနဲ့ ရောက်ရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်း မိခင်ဖြစ်သူဟာ ကျန်ရှိနေတဲ့ ကလေးနှစ်ယောက်ကို ပျောက်မသွားအောင် ဖက်တွယ်ထားရင်း ပင်လယ်ပြင်ထဲမှာ ၁၀ နာရီကြာအောင် အသက်လုခဲ့ရပါတယ်။
အော်စတင်ရဲ့ အကူအညီတောင်းခံမှုကြောင့် လူပျောက်ရှာတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်က သူတို့ကို တွေ့ရှိချိန်မှာတော့ သူတို့ဟာ ကမ်းခြေကနေ ၉ မိုင် (၁၄ ကီလိုမီတာ) အထိ ဝေးရာကို မျောပါနေခဲ့ပါပြီ။ ကလေးငယ်တွေဟာ အအေးဒဏ်ကြောင့် တုန်ရီနေပြီး ခြေထောက်တွေမှာ အာရုံမရှိတော့တဲ့အထိ ဖြစ်နေခဲ့ရပါတယ်။
ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက အော်စတင်ရဲ့ ကြိုးစားမှုဟာ superhuman လူသားစွမ်းဆောင်ရည်ထက် ပိုတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
ဒါပေမဲ့ Austin ကတော့ သူဟာ သူရဲကောင်းမဟုတ်ပါဘူးလို့ ငြင်းဆိုပါတယ်။ သူက သူ့အနေနဲ့ လုပ်သင့်တာကို လုပ်ခဲ့တာပါ လို့ပဲ ရိုးရိုးလေး ပြောခဲ့ပါတယ်။
ဒီနေ့မှာတော့ သတ္တိရှိတဲ့ သားဖြစ်သူကြောင့် မိခင်ဖြစ်သူ Joanne ဟာ သူ့ရဲ့ ရင်သွေး ၃ ယောက်လုံးနဲ့အတူ ဘေးကင်းရာကို ပြန်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။