ထိုင်းနဲ့ ဂျပန် ရွေးကောက်ပွဲ အာဏာရ ပါတီတွေ ဦးဆောင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။ 

ထိုင်းနဲ့ ဂျပန် နိုင်ငံတွေ မှာ ရွေးကောက်ပွဲတွေ ကျင်းပနေခဲ့ရာမှာ အာဏာရ ပါတီတွေနဲ့ လက်ရှိ ဝန်ကြီးချုပ်တွေက ရွေးကောက်ပွဲတွေ မှာ အသာစီးရ နေပါတယ်။ 

ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းအထိ မဲတွေ ရေတွက်ပြီးသလောက်မှာ ဂျပန်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနာအဲ တာကာအီချီ Sanae Takaichi က ဒီကနေ့ (တနင်္ဂနွေနေ့) ရွေးကောက်ပွဲမှာ မဲအပြတ်နဲ့ အနိုင်ရသွားပါတယ်။ 

ဒါကြောင့် ဂျပန် နိုင်ငံမှာ အခွန်ဖြတ်တောက် လျော့ချမှုတွေ လုပ်လာမယ်လို့ မျှော်လင့် ရပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ ယာယီ ဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် (Anutin Charnvirakul) ရဲ့ ဖုမ်ကျိုင်ထိုင်း (Bhumjaithai) ပါတီက ထိပ်က ပြေးနေပါတယ်။ 

အခုည ၉ နာရီ မတိုင်မီ မဲရေတွက်မှုတွေ အရ ယာယီဝန်ကြီးချုပ် အနုတင် ရဲ့ Bhumjaithai ပါတီက ၁၉၇ နေရာရထားပြီး လူငယ်တွေကြား ရေပန်းစားတဲ့ People’s Party (ပြည်သူ့ပါတီ) ကတော့ နေရာ ၁၁၀ လောက် အနိုင်ရထားပါတယ်။ 

တတိယ နဲ့ စတုတ္ထ နေရာတွေကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ် နဲ့ ဆက်နွယ်တဲ့ ဖွေထိုင်း Pheu Thai  ပါတီနဲ့ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ Palang Pracharath (PPRP) ပါတီတို့က ရရှိထားပါတယ်။ 

ထိုင်းနိုင်ငံမှာ အစိုးရ ဖွဲ့ဖို့ အတွက် ဆိုရင် အနည်းဆုံး အောက်လွှတ်တော်မှာ ၂၅၁ နေရာ ရဖို့ လိုအပ်ပါတယ်။ 

Bhumjaithai က နေရာ ၃၀၀ ကျော် အနိုင်ရမယ်လို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်၊။ ဒါပေမယ့် ၂၅၁ နေရာ မပြည့်ခဲ့ရင်တော့ အခြား ပါတီတစ်ခုခုနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ရမှာပါ။ ဝန်ကြီးချုပ် အနုတင်က တော့ ရလဒ်တွေ မသိသေးတဲ့အတွက် ဘာကိုမှ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ 

People’s Party ခေါင်းဆောင်ကတော့ သူတို့ ရွေးကောက်ပွဲ ရှုံးသွားတာကို လက်ခံပြီး အတိုက်အခံအဖြစ် ရပ်တည်မယ်လို့ ပြောထားပါတယ်။