အီရန် စစ်ပွဲကြောင့် လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်း၊ ရေလမ်းကြောင်းများပိတ်ပြီး ရေနံဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် အီရန်၊ အစ္စရေး၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်နှင့် ဆီးရီးယားနိုင်ငံတို့သည် လေပိုင်နက်များကို ပိတ်သိမ်းခဲ့သဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသည်များ သောင်တင်လျက်ရှိသည်။ 

Emirates လေကြောင်းလိုင်းသည် ဒူဘိုင်းအဝင်အထွက်ခရီးစဉ်အားလုံးကို ရပ်နားခဲ့ပြီး British Airways နှင့် Virgin Atlantic တို့လည်း ခရီးစဉ်များဖျက်သိမ်းခြင်းနှင့် လမ်းကြောင်းလွှဲခြင်းများ ပြုလုပ်နေရသည်။

ဗြိတိန်နိုင်ငံခြားရေးရုံးကလည်း ဒေသတွင်းနိုင်ငံများသို့ ခရီးမသွားရန်နှင့် ရောက်ရှိနေသူများ ဘေးကင်းရာတွင် ခိုလှုံရန် သတိပေးချက်ထုတ်ပြန်ထားသည်။

ရေကြောင်းကဏ္ဍတွင်လည်း ဟော်မုဇ်ရေလက်ကြားအနီး၌ သင်္ဘော ၃ စီးထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။ 

ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသယ်ယူရာ ယင်းရေလက်ကြားအား မဖြတ်သန်းရန် အီရန်က သတိပေးထားခြင်းကြောင့် ရေကြောင်းကုန်သွယ်မှုများ ရပ်တန့်လုနီးပါး ဖြစ်ပွားခဲ့သည်။ 

ဤမတည်ငြိမ်မှုများကြောင့် အာရှဈေးကွက်ဖွင့်ချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။