ပင်လယ်ဘူးတွင် သန်းခေါင်ယံ ဗုံးကြဲမှု အရပ်သား အစုအပြုံလိုက် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သန်းခေါင် ယံအချိန်တွင် စစ်ကော်မရှင်က လေကြောင်းမှ ပစ်မှတ်ထားဗုံးကြဲခဲ့သဖြင့် ကလေးငယ်များအပါအဝင် အရပ်သား ၉ ဦး အစုအပြုံလိုက် သေဆုံးခဲ့ရသည်။
မတ်လ ၁ ရက် တစ်ရက်တည်းတွင်ပင် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း လေကြောင်းနှင့် လက်နက်ကြီး တိုက် ခိုက်မှုများကြောင့် အရပ်သား ၄၀ နီးပါးအထိ သေဆုံးမှု မြင့်တက်ခဲ့ခြင်းဖြစ်သည်။
NUG ထိန်းချုပ်ထားသည့် ပင်လည်ဘူးမြို့ တောင်ဘက် ၁၈ မိုင်ခန့်အကွာရှိ လိပ္ပုတ်ကျေးရွာကို မတ်လ ၁ ရက် ပြည်သူများ အိပ်ပျော်နေသည့် ည ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက နှစ်ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးသီးများသည် ရွာလယ်ရှိ လူနေအိမ်များပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“ရွာထဲက လူနေအိမ်တွေပေါ်ကို ဗုံးတည့်တည့် ပစ်ချသွားတာ။ ပြည်သူတွေက ပစ်မယ်လို့လည်း ထင်မထားတဲ့ အချိန်၊ အိပ်ပျော်နေကြတဲ့ အချိန်ဆိုတော့ ဘယ်သူမှ မရှောင်နိုင်ကြဘူး။ ပေါက်ကွဲအားကလည်း ပြင်းလွန်း တော့ ရုပ်အလောင်းအချို့ဆို ပျက်စီးသွားတဲ့အထိ အခြေအနေ ဆိုးရွားခဲ့တယ်။”
အဆိုပါတိုက်ခိုက်မှုကြောင့် ၉ ဦး သေဆုံးကာ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများထဲတွင် စိုးရိမ်ရသည့်အခြေအနေရှိသူများ ပါဝင်နေသဖြင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသကွပ်ကဲရေး အဖွဲ့ဝင်တစ်ဦးက “အခု လေယာဉ်နဲ့ ပစ်ခံ ရတဲ့နေရာက ဘာတိုက်ပွဲမှလည်း မရှိပါဘူးဗျာ။ စစ်ဘက်ရေးရာနဲ့ ဘာပတ်သက်မှုမှ မရှိတဲ့နေရာ၊ အရပ်သား တွေ နေတဲ့နေရာ၊ လူထုကို တမင်ကြောက်အောင် လုပ်နေတာဗျ” ဟု ပြောသည်။
မတ်လ ၁ ရက်နေ့သည် ပင်လည်ဘူးအပြင် မကွေးတိုင်းအတွင်း၌လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲက ကုန်တင်ကားရပ်နားစခန်းတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ အရပ်သား ၂၅ ဦး သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့သည်။
မင်းတုန်းအပြင် အောင်လံမြို့နယ်တွင်လည်း စစ်ကော်မရှင်တပ်က လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ၅ ဦး ထိမှန်သေဆုံးခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ပင် စစ်ဘေးရှောင်စခန်းများ၊ ဈေးများနှင့် ဘုန်းကြီးကျောင်းများကို ပစ်မှတ် ထားသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှု ၅ ခုထက်မနည်း ဖြစ်ပွားခဲ့သည်။
ပင်လည်ဘူးမြို့သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက တော်လှန်ရေးအင်အားစုများ အပြီးသတ် ထိန်း ချုပ်ထားသည့် မြို့ဖြစ်ပြီး၊ ယခုကဲ့သို့ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ နယ်မြေစိုးမိုးမှုဆုံးရှုံးခြင်း အပေါ် အရပ်သားများအား လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက ဆိုကြသည်။
ယနေ့အထိ ပင်လည်ဘူးမြို့နယ်အတွင်း လေကြောင်းအန္တရာယ်ကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြ ရပြီး ဘေးလွတ်သည့် နေရာများတွင် ခိုလှုံနေကြသည်။