မြန်မာဘက်ပို့မည့် ဒီဇယ် လီတာ ၂၀၀၀၀ မဲဆောက်တွင် ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်။ 

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ပို့ဆောင်မည့် ဒီဇယ်ဆီလီတာ ၂၀၀၀၀ နှင့်အတူ ဆီသယ်ယာဉ်တစ်စီးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တာ့ခ်ခရိုင်မှ စစ်တပ်၊ ရဲနှင့် အကောက်ခွန်အရာရှိများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် သတင်းပေးချက်အရ မဲဆောက်မြို့၊ ထာ့ဆိုင်လိုဝက်ဒေသရှိ သောင်ရင်းမြစ် ကမ်းဘေးတစ်လျှောက် ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ စစ်ဆေးစဉ် မြဝတီဘက်ခြမ်းရှိ ကာစီနိုရုံများနှင့် မျက်နှာချင်းဆိုင်၊ ဂျပန်ပစ္စည်းဟောင်းများ တင်ပို့သည့် “၁၃ ဂိတ်” ဝင်းအတွင်း ရပ်နားထားသော ဆယ်ဘီးတပ် ဆီသယ်ယာဉ်တစ်စီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆယ်ဘီးတပ်ယာဉ်ကို ဆီသယ်ယူနိုင်ရန် အထူးပြုပြင်ထားပြီး ယာဉ်ပေါ်တွင် ဒီဇယ်ဆီလီတာ ၂၀၀၀၀ (ဂါလံ ၂၀၀၀၀ ခန့်) ကို တင်ဆောင်ကာ မြန်မာနိုင်ငံသို့ မှောင်ခိုပို့ဆောင်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ 

အာဏာပိုင်များသည် ဆီတင်ကားမောင်းသူနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးကိုပါ ထိန်းသိမ်းခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထို့ပြင် ဆီသယ်ကားနှင့် နီးစပ်ရာ ဂိုဒေါင်တစ်ခုအတွင်း ဝင်ရောက်ရှာဖွေရာတွင် ၄၅၀၀ လီတာဆံ့ သိုလှောင်ကန် နှစ်ခု (ဆီလီတာ ၃၀၀ ခန့် ကျန်ရှိ)၊ ၂၀၀ လီတာဆံ့ ဆီတိုင်ကီ ၁၀၁ လုံးနှင့် ၃၀ လီတာဆံ့ ဆီပုံး ၈၅ ပုံးတို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့သည်။ 

အဆိုပါ ပုံးများမှာ ဆီဖြည့်သွင်းပြီးပါက သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ မှောင်ခိုတင်ပို့ မည့် ပစ္စည်းများ ဖြစ်မည်ဟု အာဏာပိုင်များက ယူဆထားသည်။

လက်ရှိတွင် တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၅ ခု၌ စက်သုံးဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ဒေသခံများမှာ ဆီဆိုင် များတွင် နာရီနှင့်ချီ တန်းစီဝယ်ယူနေရသည့် အခြေအနေဖြစ်နေသည်။ 

တစ်ဖက်ရှိ မြဝတီမြို့တွင်လည်း ဆီပြတ်လပ်နေမှုကြောင့် နယ်စပ်မှတစ်ဆင့် ဆီမှောင်ခိုတင်ပို့မှုများ မြင့်တက်လာနေခြင်း ဖြစ်သည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က စက်သုံးဆီမှောင်ခိုကူးမှုကို ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းသွားမည်ဟု ထုတ်ပြန်ထားပြီး၊ ဖမ်းဆီးရမိသည့် ဆီသယ်ယာဉ်နှင့် လောင်စာဆီများကို သိမ်းဆည်းကာ ဥပဒေအရ အရေးယူ နိုင်ရန် မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ထိုင်းသတင်းများက ဆိုသည်။