နျူဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး ရုရှားနှင့် ဗီယက်နမ် လက်မှတ်ထိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်။
ဗီယက်နမ်နိုင်ငံတွင် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် တည်ဆောက်ရန် မတ်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုလိုက်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် (တနင်္လာနေ့) တွင် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်းချင်း၏ မော်စကိုခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ၌ “နင်းသွမ်-၁” (Ninh Thuan 1) နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါစက်ရုံတွင် ရုရှားဒီဇိုင်း VVER-1200 ရေအေးပေးစနစ်သုံး ရီအက်တာ (Reactor) နှစ်လုံး တပ်ဆင်မည်ဖြစ်ပြီး ရုရှားရှိ Leningrad NPP-2 စက်ရုံကို စံနမူနာပြု တည်ဆောက်မည် ဖြစ်သည်။
ဤသဘောတူစာချုပ်ကို ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း (Rosatom) ညွှန်ကြားရေးမှူးချုပ် Alexey Likhachev နှင့် ဗီယက်နမ်အစိုးရရုံးဝန်ကြီး Tran Van Son တို့က နှစ်နိုင်ငံဝန်ကြီးချုပ်များ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ဤစီမံကိန်းသည် ဗီယက်နမ်၏ စွမ်းအင်လွတ်လပ်ခွင့်ကို ခိုင်မာစေပြီး အဆင့်မြင့်နည်းပညာနှင့် သုတေသနကဏ္ဍများတွင် နှစ်နိုင်ငံ ရေရှည်ပူးပေါင်းဆောင်ရွက်မှုအတွက် အုတ်မြစ်ဖြစ်လာမည်ဟု ဆိုသည်။
ဗီယက်နမ်သည် ၂၀၀၉ ခုနှစ်ကတည်းက နင်းသွမ်ပြည်နယ်တွင် နျူကလီးယားစက်ရုံတည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း စီးပွားရေးအခြေအနေများကြောင့် ၂၀၁၆ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ဖူးသည်။
သို့သော် စွမ်းအင်လုံခြုံရေးနှင့် ကာဗွန်လျှော့ချရေး ရည်မှန်းချက်များကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စီမံကိန်းကို ပြန်လည်စတင်ရန် ဗီယက်နမ်အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်ဝန်ကြီးချုပ်က နင်းသွမ်ပြည်နယ်ရှိ နျူကလီးယားဓာတ်အားပေးစက်ရုံ နှစ်ရုံလုံးကို ၂၀၃၀ ပြည့်နှစ်ကုန်တွင် အပြီးသတ်တည်ဆောက်ရန် ရည်မှန်းချက် ထားရှိပါသည်။
အရှေ့တောင် အာရှနိုင်ငံများအတွင်း ဖိလစ်ပိုင်နိုင်ငံတွင် နျူကလီးယား ဓါတ်အားပေး စက်ရုံ တစ်ခု တည်ဆောက်ခဲ့သော်လည်း ဘေးကင်းလုံခြုံရေးနှင့် နိုင်ငံရေး အကြောင်းရင်းများကြောင့် ယခုထိ လည်ပတ်နိုင်ခဲ့ခြင်း မရှိပေ။
အင်ဒို နီးရှား နိုင်ငံကလည်း ၂၀၃၀ ခုနှစ်များအတွင်း နျူကလီးယား ဓါတ်အားပေး စက်ရုံ တည်ဆောက်လည်ပတ်နိုင်ရန် ရုရှား၊ အမေရိကန် တို့ နှင့် ဆွေးနွေးလျက်ရှိသည်။
ထိုင်းနိုင်ငံတွင်လည်း နျူကလီးယား ဓါတ်အားပေး စက်ရုံအငယ်စားများ တည်ဆောက်ရန် စီမံကိန်းများ ရေးဆွဲလျက်ရှိသည်။