အမေရိကန်၏ လေတပ်အဓိက လေယာဉ်များကို အီရန် တိုက်ခိုက် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်။

အမေရိကန်-အစ္စရေး မဟာမိတ်တပ်များနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် တစ်လကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီး အီရန်နိုင်ငံ၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ စစ်ရေးအရ အထိနာလျက်ရှိသည်။ 

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ Prince Sultan လေတပ်စခန်းအား အီရန်ဘက်မှ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ အမေရိကန်၏ အလွန်အရေးပါသော E-3 Sentry (AWACS) အဆင့်မြင့် လေကြောင်းသတိပေးနှင့် ထိန်းချုပ်ရေးလေယာဉ်တစ်စင်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။ 

ယင်းဖြစ်စဉ်သည် အမေရိကန်လေတပ်အတွက် ကောင်းကင်ယံမှ မျက်စိတစ်ဖက် ဆုံးရှုံးသွားသကဲ့သို့ ဖြစ်စေခဲ့ပါသည်။

ပြီးခဲ့သည့် တစ်လအတွင်း ပင်လယ်ကွေ့ဒေသရှိ အခြေစိုက်စခန်းများ တရစပ်တိုက်ခိုက်ခံရမှုကြောင့် KC-135 ဆီဖြည့်လေယာဉ် အများအပြားနှင့် MQ-9 Reaper ဒရုန်း (၁၂) စင်းထက်မနည်း ဆုံးရှုံးခဲ့ရသည်။ 

ထို့အပြင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့်ရှိသော လေကြောင်းကာကွယ်ရေးစနစ်များလည်း ပျက်စီးခဲ့သေးသည်။ 

အဆိုပါတိုက်ခိုက်မှုများအတွင်း အမေရိကန်စစ်သည် (၁၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ 

အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အား တိုက်ခိုက်ရာတွင် Tomahawk ဒုံးကျည်အစင်းပေါင်း ၈၅၀ ကျော်ကို အလွန်အကျွံ အသုံးပြုခဲ့ရသဖြင့် လက်ရှိတွင် လက်ကျန်ပမာဏ စိုးရိမ်ရလောက်အောင် နည်းပါးနေပြီ ဖြစ်ပါသည်။ 

တစ်လကျော်ကြာလာသော စစ်ပွဲအတွင်း အမေရိကန်စစ်သည် ၁၃ ဦး သေဆုံးခဲ့ပြီး အီရန်ဘက်တွင် လူပေါင်း ၁,၉၀၀ နီးပါး သေဆုံးခဲ့ရသည်။ 

ထို့အပြင် ကမ္ဘာ့ရေနံစျေးနှုန်းသည်လည်း ၄၀ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားခဲ့ပါသည်။ 

ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် အီရန်နိုင်ငံရှိ ကျွန်းများနှင့် ကမ်းရိုးတန်းဒေသများကို မြေပြင်မှ ဝင်ရောက်စီးနင်းရန် ပြင်ဆင်မှုများ ရှိနေသည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။