ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာတဲ့ အိန္ဒိယ မင်းသား ဗီဂျေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်။
အိန္ဒိယ နိုင်ငံမှ နာမည်ကျော် ရုပ်ရှင်မင်းသား ဗီဂျေးဦးဆောင်သော TVK ပါတီသည် တမီးလ်နာဒူး ပြည်နယ်တွင် ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပြီး မင်းသားဟောင်း ဗီဂျေးမှာ ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင်မှ နိုင်ငံရေးသမားဖြစ်လာသူ စီ ဂျိုးဇက် ဗီဂျေး (C Joseph Vijay) သည် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်၏ ဝန်ကြီးချုပ်သစ်အဖြစ် တနင်္ဂနွေနေ့က ကျမ်းသစ္စာဆိုနိုင်ခဲ့သည်။
လွန်ခဲ့သည့် အပတ် အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများအတွင်း ဗီဂျေး ဦးဆောင်သော Tamilaga Vettri Kazhagam (TVK) ပါတီ အနိုင်ရခဲ့သော်လည်း အစိုးရ ဖွဲ့ရန် အမတ်နေရာ မပြည့်ပဲ ရှိနေခဲ့သည်။
အမတ်ဦးရေ ၂၃၄ ဦးရှိသော လွှတ်တော်တွင် TVK ၁၀၈ နေရာ အနိုင်ရပြီး အစိုးရ ဖွဲ့ရန် (၁၀) နေရာခန့် လိုအပ်နေခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သော ကွန်ဂရက်ပါတီသည် အမတ်နေရာ (၅) နေရာ ရရှိထားပြီး ရလဒ်ထွက်ပေါ်ပြီး နာရီပိုင်းအတွင်းမှာပင် ဗီဂျေးအား ထောက်ခံမည်ဟု ကတိပြုခဲ့သည်။
သို့သော်လည်း ပြည်နယ်ဘုရင်ခံ ရာဂျန်ဒရာ ဗစ်ရှ်ဝါနတ် အရ်လီကာ (Rajendra Vishwanath Arlekar) က အစိုးရဖွဲ့ရန်အတွက် လိုအပ်သော ကိုယ်စားလှယ် (၁၁၈) ဦး၏ ထောက်ခံမှုအထောက်အထားကို တင်ပြရန် TVK ပါတီကို တောင်းဆိုခဲ့သည်။
စနေနေ့ညနေပိုင်းတွင် TVK သည် အိန္ဒိယကွန်မြူနစ်ပါတီ (CPI)၊ အိန္ဒိယကွန်မြူနစ်ပါတီ-မာ့က်စ်ဝါဒီ (CPI-M)၊ Viduthalai Chiruthaigal Katchi (VCK)၊ အိန္ဒိယယူနီယံ မွတ်စလင်အဖွဲ့ချုပ် (IUML)တို့၏ ထောက်ခံမှု ရရှိပြီး ဗီဂျေးမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါပါတီတစ်ခုစီတွင် လွှတ်တော်အမတ်နေရာ (၂) နေရာစီ ရှိကြသဖြင့် TVK ပါတီသည် စုစုပေါင်း ကိုယ်စားလှယ် (၁၂၀) ဦး၏ ထောက်ခံမှုကို ရရှိသွားခြင်းဖြစ်သည်။
တနင်္ဂနွေနေ့ နံနက်ပိုင်း ကျမ်းသစ္စာဆိုပွဲ အခမ်းအနားကို ပြည်နယ်မြို့တော် ချန်နိုင်းရှိ ဂျဝါဟာလာနေရူး အားကစားကွင်းတွင် လုံခြုံရေးအထူးတင်းကျပ်စွာဖြင့် ကျင်းပခဲ့သည်။ မင်းသားဗီဂျေးနှင့်အတူ ဝန်ကြီး (၉) ဦးလည်း ကျမ်းသစ္စာဆိုခဲ့ကြသည်။
သာလာပသီ “Thalapathy” ဟု လူသိများသော အသက် (၅၁) နှစ်အရွယ် အက်ရှင်မင်းသား ဗီဂျေးသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၉) ကားတွင် သရုပ်ဆောင်ခဲ့ပြီး အိန္ဒိယတွင် အခကြေးငွေအများဆုံးရသော မင်းသားတစ်ဦးဖြစ်သည်။
ဗီဂျေးသည် တမီးလ်နာဒူးပြည်နယ်ရှိ လူငယ်များနှင့် အမျိုးသမီးများအကြား အလွန်ရေပန်းစားသူ ဖြစ်ပြီး ၎င်း၏အနိုင်ရမှုကြောင့် ထောက်ခံသူများမှာ များစွာဝမ်းမြောက်လျက်ရှိသည်။
တမီးလ်နာဒူးနိုင်ငံရေးကို ယခင်က DMK နှင့် AIADMK ဟူသော ဒေသတွင်းပါတီကြီး နှစ်ခုကသာ ဆယ်စုနှစ်များစွာ အလှည့်ကျကြီးစိုးခဲ့သော်လည်း ယခုအခါ TVK ပါတီက ထိုအစဉ်အလာကို ရိုက်ချိုးကာ အကြီးဆုံးပါတီအဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဗီဂျေးသည် ၂၀၂၄ ခုနှစ်တွင် TVK ပါတီကို စတင်တည်ထောင်ပြီးနောက် နိုင်ငံရေးကို အချိန်ပြည့်လုပ်ဆောင်ရန် ရုပ်ရှင်လောကမှ အနားယူမည်ဟု ကြေညာခဲ့သည်။