ဂျပန်နှင့် နယ်သာလန်တော်ဝင် ဇနီးမောင်နှံများ ကမ္ဘာ့ ဖလားပွဲ အတူတူ ကြည့်
သတင်းနှင့် မီဒီယာ ကွန်ရက်.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ရက်။
နယ်သာလန်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး ရောက်ရှိနေသည့် ဂျပန်ဧကရာဇ် နာရူဟီတို (Naruhito) နှင့် မိဖုရားကြီး မာဆာကို (Masako) တို့သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က နယ်သာလန်ဘုရင် ဝီလျံ အလက်ဇန္ဒား (Willem-Alexander)၊ မိဖုရား မာဆီမာ (Maxima) တို့နှင့်အတူ ဂျပန်နှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အတူတကွ ကြည့်ရှုအားပေးခဲ့ကြသည်။
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး သရေရလဒ်ဖြင့် ပြီးဆုံးသွားခဲ့သည့် အဆိုပါ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်ကို အတူတကွကြည့်ရှုရန် နယ်သာလန်ဘုရင်ဘက်က အကြံပြုဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး၊ တော်ဝင်မိသားစုနှစ်စုသည် ညစာ အတူစားသုံးပြီးနောက် ပွဲစဉ်ကို ဆက်လက်ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။
နယ်သာလန်တော်ဝင်မိသားစုနှင့် ဂျပန်နန်းတွင်းရေးရာဦးစီးဌာနတို့၏ အင်စတာဂရမ် (Instagram) စာမျက်နှာများတွင်လည်း ဧကရာဇ်နှင့် ဘုရင်တို့ဇနီးမောင်နှံ လေးဦးစလုံး မိမိတို့နိုင်ငံ အသီးသီး၏ လက်ရွေးစင် အမျိုးသားဘောလုံးအသင်း အားပေးသည့် တဘက်များကို လည်ပင်းတွင် ကိုယ်စီပတ်၍ ပျော်ရွှင်စွာ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့ကြသည်။ ထို့ပြင် “အားကစားသည် လူသားများကို စည်းလုံးညီညွတ်စေသည်” ဟုလည်း ဒတ်ခ်ျဘာသာ၊ ဂျပန်ဘာသာတို့ဖြင့် ရေးသားရည်ညွှန်းထားသည်။
ဂျပန်ဧကရာဇ်ဇနီးမောင်နှံအနေဖြင့် နိုင်ငံခြားတော်ဝင်မိသားစုဝင်များနှင့် ကမ္ဘာ့ဖလားပွဲစဉ်ကို အတူတကွ ကြည့်ရှုခဲ့ခြင်းသည် လွန်ခဲ့သည့် ၂၀၀၂ ခုနှစ် ဂျပန်-ကိုရီးယား ကမ္ဘာ့ဖလားတုန်းက ဂျပန်နှင့် ဘယ်လ်ဂျီယမ်အသင်းတို့၏ ပွဲစဉ်ကို ဘယ်လ်ဂျီယမ် မင်းသား၊ မင်းသမီးတို့နှင့်အတူ ဆိုင်တားမား (Saitama) ကွင်းထဲတွင် ကြည့်ရှုခဲ့ပြီးကတည်းကဆိုလျှင် ယခုအကြိမ်သည် နောက်ထပ် ပထမဆုံးအကြိမ် ဖြစ်သည်။