ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ရုရှားပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်? ဇွန်လ ၂၅ ရက်။
အစ္စတန်ဘူလ် သဘောတူညီချက်များကို စွဲကိုင်မည်ဆိုပါက ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။
ထို့အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အစောပိုင်းက ရပ်တန့်သွားခဲ့သည့် နေရာမှ ပြန်လည်စတင်ရန် ရုရှားနိုင်ငံအနေဖြင့် အဆင်သင့်ရှိနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် (Sergei Lavrov) ကလည်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အင်္ဂါနေ့ (ဇွန်လ ၂၃ ရက်) က မော်စကိုမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မော်စကို၏ အဓိကတောင်းဆိုချက်ကိုမူ တစ်စုံတစ်ရာ လျှော့ပေါ့ပေးမည့် အရိပ်အယောင်မျိုး ပြသခဲ့ခြင်း မရှိပေ။
အဆိုပါ အစ္စတန်ဘူလ် သဘောတူချက်ထဲတွင် ယူကရိန်းအနေဖြင့် နေတိုး (NATO) စစ်မဟာမိတ်အဖွဲ့နှင့် မပူးပေါင်းရန်၊ နျူကလီးယားကင်းမဲ့ဇုန်အဖြစ် လက်ခံရန်နှင့် စစ်အင်အား ကန့်သတ်ရန် စသည့်အချက်များ ပါဝင်သည်။
၎င်းအပြင် မော်စကို၏ အဓိကတောင်းဆိုချက်ထဲတွင် ယူကရိန်းတပ်ဖွဲ့များဘက်က အောင်အောင်မြင်မြင် ခုခံကာကွယ်ထားနိုင်ဆဲဖြစ်သည့် ဒွန်ဘတ်စ် (Donbas) ဒေသ၏ ကျန်ရှိနေသေးသော အစိတ်အပိုင်းများကို ရုရှားထံ အရှုံးပေး အပ်နှံရန်ဖြစ်ပြီး၊ ယင်းအချက်ကိုလည်း ယူကရိန်းဘက်က ပြတ်ပြတ်သားသား ငြင်းပယ်ထားဆဲ ဖြစ်သည်။
အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် နောက်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်း အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံအပေါ် စစ်ပွဲဆင်နွှဲခဲ့ကြပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ဆွေးနွေးပွဲများ ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီကမူ ယူကရိန်းနိုင်ငံသည် ကီလိုမီတာ ၃,၀၀၀ ခန့် ဝေးကွာသော ရုရှားနိုင်ငံအတွင်းပိုင်းရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ဒရုန်းများဖြင့် ထိုးနှက်တိုက်ခိုက်နိုင်ခဲ့သည်။