မိုနာကို ပေါက်ကွဲမှု ယူကရိန်း သူဌေး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။ 

ကမ္ဘာပေါ်တွင် လုံခြုံရေးအစိတ်ချရဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် မိုနာကိုနိုင်ငံရှိ တိုက်ခန်းတွဲတစ်ခု၏ အဝင်ဝတွင် ဇွန်လ ၂၉ ရက် (တနင်္လာနေ့) ညပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် ယူကရိန်းနိုင်ငံသား ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးတစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း မိုနာကိုအစိုးရရှေ့နေက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် အခင်းဖြစ်ပွားရာနေရာမှ ခြေကျင်ထွက်ပြေးလွတ်မြောက်သွားသည့် သံသယရှိသူအား အာဏာပိုင်များက အပြင်းအထန် လိုက်လံရှာဖွေလျက်ရှိသည်။  

မည်သူက တိုက်ခိုက်သည်ဆိုသည်နှင့် တိုက်ခိုက်ရသည့် အကြောင်းရင်းကိုမူ သေချာစွာ မသိရှိရသေးပေ။ 

ဒဏ်ရာရရှိသူများထဲတွင် ယူကရိန်းနိုင်ငံ၏ ထင်ရှားသော ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဗာဒင် ရာမိုလာယက်ဗ် (Vadym Yermolaiev)၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ပါဝင်ကြောင်း မီဒီယာများက ဖော်ပြကြသည်။ 

ဗာဒင် ရာမိုလာယက်ဗ်သည် ရုရှားနိုင်ငံနှင့် စီးပွားရေးအရ ပတ်သက်မှုရှိသည်ဟုဆိုကာ ၂၀၂၃ ခုနှစ်တွင် ယူကရိန်းအစိုးရ၏ ပိတ်ဆို့အရေးယူမှု (Sanctions) ချမှတ်ခြင်း ခံထားရသူဖြစ်သည်။

လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများအရ အနက်ရောင်ဂျာကင်၊ ဘောင်းဘီအရောင်ဖျော့ ဝတ်ဆင်ပြီး ဦးထုပ်ဆောင်းကာ မျက်နှာလွှဲထားသည့် သံသယရှိသူသည် အဆိုပါမိသားစု အိမ်သို့ပြန်လာမည့်အချိန်ကို ကြိုတင်စောင့်ဆိုင်း၍ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် ပြင်သစ်နယ်စပ်ဘက်သို့ လှေကားထစ်များအတိုင်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။