ရခိုင်-ဧရာဝတီအစပ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်အလောင်းနှင့် လက်နက်များ AA သိမ်းဆည်းရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။
ရခိုင်-ဧရာဝတီနယ်စပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှ အကျအဆုံးများကာ အလောင်းများနှင့် လက်နက်ခဲယမ်း များကို AA က သိမ်းဆည်းရမိခဲ့သည်။
မြေပြင်၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ မဖြစ်ပွားသည့် ရက်များတွင်မူ စစ်တပ်ဘက်မှ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိသည်။
ရေကြည်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အဓိကဖြစ်နေတာ ရေကြည်နဲ့ သာပေါင်းပါ၊ အဲ့ဒီနှစ်မြို့နယ် နဲ့ ထိစပ်တဲ့ ရခိုင်ရိုးမတောင်ခြေမှာ တိုက်ပွဲဆက်တိုက်ရှိလာတယ်။ သိရသလောက်က စစ်တပ်က ထိုးစစ်ဆင်ပြီး ရင် ပြန်ဆုတ်ရတာများတော့ အထိအခိုက်ရှိတယ်” ဟု ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော အဓိကနေရာများတွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရာသီဥတု အခြေအနေကြောင့် နှစ်ဖက်ထိုးစစ်နှင့် ခံစစ်အနိမ့်အမြင့်ရှိခဲ့သော်လည်း တိုက်ပွဲမရှိသောရက်ဟူ၍ မရှိသလောက် ဖြစ်ကာ တိုက်ပွဲကြီးနှင့် တိုက်ပွဲငယ်များမှာ နေ့စဉ်နီးပါး တစ်နေရာရာ၌ ဖြစ်ပွားနေဆဲဖြစ်ကြောင်း AA က ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဒေသခံတစ်ဦးက“ဂွဘက်၊ သံတွဲဘက် ဗုံးသွားကြဲတဲ့ လေယာဉ်တွေဟာ ရေကြည် သာပေါင်း အစပ်မှာလည်း ကြဲတယ်။ ပြည်သူ့စစ်တွေ စစ်မှုထမ်းတွေအစ အကျအဆုံး များနေပါ တယ်။ သာပေါင်းလေးဘက်၊ ရေကြည် မြို့နယ်၊ ရုံးပင်လေးဘက်မှာ တိုက်ပွဲအဖြစ်များပြီး အင်္ဂပူနဲ့လေးမျက်နှာဘက် နည်းနည်းငြိမ်နေပါတယ်” ဟု ပြောသည်။
စစ်တပ်သည် ရခိုင်-ဧရာဝတီ အစပ်ကို ထိုးစစ်ဆင်၍ ထိုးဖောက်ရန် ကြိုးစားနေသည့်နေရာတိုင်းတွင် မြေပြင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အထိအခိုက်အကျအဆုံးများကာ အသာစီးမရတော့သည့်အတွက် လေကြောင်းတိုက်ခိုက်မှုကိုသာ အရှိန်မြှင့်အားပြုနေသည်။
စစ်တပ်က AA တပ်စွဲထားရာနေရာများသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသကဲ့သို့ AA ဘက်ကလည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။
စစ်တပ်၏ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁)၊ ခလရ (၁၁) တပ်ရင်းများနှင့် AA တို့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် ၃ ဒသမ ၇ ကီလိုမီတာနှင့် ၃ ဒသမ ၃ ကီလိုမီတာအကွာတို့တွင် နှစ်နာရီနီးပါးကြာ တိုက်ပွဲများ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့ သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က ဒရုန်းနှင့် မြေပြင်ပစ်ကူအများအပြားသုံးကာ ထိုးစစ်ဆင်ခဲ့သော်လည်း နှစ် နာရီကြာမြင့်ပြီးနောက် အထိအခိုက် အကျအဆုံးများနှင့်အတူ တပ်ဆုတ်သွားခဲ့ရကာ တိုက်ပွဲအတွင်း စစ်တပ် ဘက်က အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း AA က ဆိုသည်။
ထို့ပြင် ညနေပိုင်းတွင်လည်း ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်မှာ အထိအခိုက် အကျအဆုံးများ နှင့် အတူ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဩဂုတ်လ ၁ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ၏ အရှေ့ ဘက် ၁ ဒသမ ၀၆ ကီလိုမီတာအကွာတွင် နှစ်ဖက်တိုက်ပွဲ နှစ်နာရီနီးပါးကြာ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး AA ဘက်က လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
စစ်တပ်သည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ချင်းပြည်နယ် (တောင်ပိုင်း) စသည့် အာရက္ခ ဒေသနှင့် နယ်မြေထိစပ်နေသည့်နေရာများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။