ဧရာဝတီ– ရခိုင်အစပ် စခန်းကုန်းတစ်ခုကို AA သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အနောက်ဘက်ခြမ်း ရခိုင်ရိုးမနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘိုးတော် ချောင်းဖျားဒေသတွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်နေပြီး AA က စခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ရိုးမတောင်ခြေအစပ်ရှိ စစ်တပ်၏ ‘၁၈၈ စခန်းကုန်း’ ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ထိုသို့ စခန်းသိမ်းပိုက်ရာတွင် စခန်းအတွင်း၌ တပ်ဆင်ထားသည့် လိုင်းဖြတ်တောက်သည့် ဂျမ်မာ (Jammer) စက်၊ စတားလင့် (Starlink) ဂြိုဟ်တုအင်တာနက်စက်များနှင့် လက်နက်၊ ခဲယမ်းအမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုမှာ ဘိုးတော်ချောင်းဖျားဒေသမှ တစ်ဆင့် ရခိုင်ပြည်တောင်ပိုင်း ဂွမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ပြင်ဆင်လာသည့် စစ်တပ်ကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ကြားဖြတ်ခုခံတိုက်ခိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တပ်ဘက်က အဆိုပါစခန်းကုန်း လက်လွှတ်ရသည့်အထိ စစ်ရေးအခြေအနေ ပြောင်းလဲ သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
မြေပြင်စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ရေကြည်မြို့နယ်မှ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ရေကြည် အနောက်ဘက်အခြမ်း ဘိုးတော်ချောင်းဖျားဒေသဟာ ရခိုင်ပြည်နယ် ဂွမြို့နဲ့ တဆက်တည်းဆိုတော့ အဲဒီက တစ်ဆင့် ရခိုင်၊ ဂွမြို့ကို စစ်ကြောင်းထိုးတာ။ စစ်တပ်ထောက်ခံသူတွေကလည်း ရခိုင်ကို စစ်ကြောင်း ပြန်ထိုး နေတာ ဘယ်ရောက်ပြီဆိုပြီး ပြောနေတာလေ။ အခု အဲဒီတောလမ်းနေရာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးလို့ တိုက်ပွဲပြန်ဖြစ်နေတာ ၁၈၈ စခန်းကုန်းကို အေအေသိမ်းလိုက်ပြီလို့ သိရပါတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပြီး ၎င်းတို့အနက် ဒဏ်ရာပြင်းထန်သည့် တပ်ဖွဲ့ဝင်အချို့ကို ပုသိမ်မြို့ဘက်သို့ ရွှေ့ပြောင်းကုသပေးနေရကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်ဘက်ကလည်း အဆိုပါ နယ်စပ်ဒေသသို့ စစ်အင်အားများ ဆက်လက်ဖြည့်တင်းလျက်ရှိပြီး၊ ရေကြည် မြို့နယ်နှင့် အနီးကပ်ဆုံးရှိရာ သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာသို့လည်း လက်နက်၊ ခဲယမ်းနှင့် စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များကို အလုံးအရင်းဖြင့် ထပ်မံရွှေ့ပြောင်းအခြေစိုက်ထားသည်ဟု ဒေသခံများက ပြောသည်
ဓါတ်ပုံ – (ပုံဟောင်း) ရခိုင်-ဧရာဝတီအစပ်တွင် တွေ့ရသည့် အေအေတပ်ဖွဲ့ဝင်များ