သံတွဲကို စစ်တပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲပြီး စစ်သင်္ဘောများဖြင့် ကမ်းတက်ရန် ကြိုးပမ်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။

ရခိုင်ပြည်၊ ဂွမြို့နယ်မှတစ်ဆင့် ရခိုင်ဒေသကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် စစ်တပ်သည် သံတွဲမြို့ကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် ရေပြင်ဘက်မှလည်း ရေတပ် (နေဗီ) စစ်သင်္ဘောများ ဖြင့် ကမ်းတက်ရန် ကြိုးပမ်းလာနေကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့နယ်ကို စစ်တပ်က ဇူလိုင်လ ၁၉ ရက်မှ ဩဂုတ်လ ၃ ရက်အထိ ၁၅ ရက်အတွင်း လေကြောင်းဖြင့် ဆက်တိုက်  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး သေဆုံးကာ ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

သံတွဲ ဒေသခံတစ်ဦးက ဩဂုတ် ၃ ရက်နေ့က စစ်တပ်က ဂျက်ဖိုက်တာ ၃ စီး၊ Y-12 ၁ စီးနဲ့ ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်နဲ့ ဘန်ဂလို အလုံး ၂၀ လောက် ပျက်စီးတာ ရှိတယ်။ အခုဆို လေယာဉ်က လာရင် အုပ်စုလိုက်လာတာ ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်နေသည့် ကာလအတွင်း ငပလီကမ်းခြေတစ်လျှောက်တွင်လည်း ရေတပ် (နေဗီ) စစ်သင်္ဘောများ သည် ကမ်းနှင့် အနီးဆုံးနေရာများအထိ ရောက်ရှိလာခဲ့သည်။

ဗုံးကြဲတိုက်ခိုက်နေသည့် ရက်ပိုင်းအတွင်း ရေတပ်သည် မောင်ရွှေလေးကမ်းခြေ၊ ဂျိတ်တော်ဖောင်ဆိပ်၊ ဂေါ့ကမ်း ခြေနှင့် ကျွဲသောက်ကမ်းခြေတို့တွင် အသွားအလာပြုလုပ်ခဲ့ပြီး ယခင်ကထက် ကမ်းနှင့်အနီးကပ်ဆုံး အနေ အထားသို့ ရောက်ရှိလာခဲ့သည်။

ဒေသခံ ပရဟိတလုပ်ဆောင်သူနေ အမျိုးသားတစ်ဦးက စစ်တပ်နေဗီက သံတွဲကို ဗုံးကြဲတဲ့ရက်ပိုင်းမှာ တောက် လျှောက် အသွားအလာလုပ်နေတယ်။ ကမ်းနဲ့နီးတဲ့အထိလာတယ်၊ တပ်တော်ကလည်း စောင့်ကြည့်ထားတယ်။ မောင်ရွှေလေးနဲ့ မရိုးဘေးဆိပ်ကမ်းကို အဓိကစောင့်ကြည့်တာပေါ့။ အားနည်းရင် နည်းသလို ကမ်းတပ်ဖို့ သဘောပါ။ အခုလေကြောင်းက သံတွဲကို အာဇာနည်နေ့ကတည်းက ဒီလအထိ ဆက်တိုက်ကြဲခဲ့တာပါ၊ လက်ရှိ စစ်လေယာဉ် အုပ်စုလိုက်ပြန်တာတွေ ကင်းထောက်တာတွေ ရှိနေသေးတယ် ဟု ပြောသည်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များသည် ဩဂုတ်လ ၅ ရက်နေ့အထိ အဆက် မပြတ် ပျံဝဲနေခဲ့ပြီး ဒေသခံအချို့မှာ စစ်ဘေးတိမ်းရှောင်နေကြရသလို နေဗီများ ကပ်လာမှုကြောင့် ကမ်းခြေ ကျေးရွာများမှ ဒေသခံများလည်း အရေးပေါ် တိမ်းရှောင်နေကြရသည်။

ဇူလိုင်လ ၂၄ ရက်က သံတွဲမြို့ပေါ်ရှိ လူနေရပ်ကွက်များကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အရပ်သား ၃ ဦး သေဆုံးကာ ၂၁ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ထို့အတူ ဇူလိုင်လ ၂၃ ရက်ကလည်း ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နှင့် လင်းသာကမ်းခြေရှိ ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များနှင့် အဆောက်အအုံများ ပျက်စီးခဲ့ရသည်။

အလားတူ ဇူလိုင်လ ၃၁ ရက်ကလည်း ရွှေလှေကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဇူလိုင်လ ၁၉ ရက်က သံတွဲမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထို့ပြင် ဩဂုတ်လ ၃ ရက်နေ့တွင်လည်း ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ကို ဂျက်ဖိုက်တာ ၃ စီးနှင့် Y-12 လေယာဉ် ၁ စီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ ၃ ရက် တစ်ရက်တည်းတွင်ပင် စစ်တပ်က ဗုံးအလုံးရေ ၆၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်၊ အဆောက်အအုံနှင့် ဘန်ဂလို ၂၀ ခန့် ပျက်စီးခဲ့ပြီး ကျပ်သိန်း ၃,၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် သံတွဲမြို့ပေါ်ရှိ လူနေရပ်ကွက်များအပြင် ငပလီမြို့၊ ရွှေလှေ ကျေးရွာနှင့် အခြားနေရာများသို့ပါ သက်ရောက်ခဲ့ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ နေအိမ်နှင့် ဈေးဆိုင် များပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့်နေရာများတွင် စစ်တပ်၏ လေကြောင်း၊ ဒရုန်းနှင့် အမြောက်ပစ်ခတ်မှုများအပါအဝင် အဝေးမှ တိုက်ခိုက်မှုများ မြင့်တက်လာကြောင်း ပဋိပက္ခနှင့် နိုင်ငံရေးအကြမ်းဖက်မှုဆိုင်ရာ အချက်အလက်များ စောင့်ကြည့်လေ့လာသည့် ACLED ၏ ဇူလိုင်လ ၂၇ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် သံတွဲ၊ ဂွနှင့် ကျိန္တလီမြို့တို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံများအား လေကြောင်းမှ အုပ်စုလိုက် နေ့ညအချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို စစ်တပ်က ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။