သတင်းထောက်သေဆုံးမှု အစ္စရေးကို စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။
လက်ဘနွန်နိုင်ငံအတွင်း အမျိုးသမီး သတင်းထောက်တစ်ဦး အစ္စရေးစစ်တပ်၏ လေကြောင်းတိုက် ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် စစ်ရာဇဝတ်မှုမြောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဩဂုတ်လ ၆ ရက်နေ့တွင် ပူးတွဲကြေညာလိုက်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်း အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲများ ပြင်းထန်နေချိန်၌ တောင်ပိုင်းတိုက်ပွဲဇုန်အတွင်း သတင်းသွားရောက်ရယူခဲ့သည့် လက်ဘနွန်သတင်းထောက် အာမဲလ် ခါလီလ် (Amal Khalil) သည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် Human Rights Watch အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက အစ္စရေးစစ်တပ်သည် ၎င်းအား အမျိုးသမီး သတင်းထောက်မှန်း သိလျက်နှင့် တမင်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိပြီး အဆောက်အအုံအပျက်အစီးများအောက် ပိတ်မိနေခဲ့သည့် သတင်းထောက် ခါလီလ်ထံသို့ ကယ်ဆယ်ရေးဆေးအဖွဲ့များ ဝင်ရောက်ကူညီခွင့်မရရှိစေရန် အစ္စရေးဘက်က နာရီပေါင်းများစွာ ဟန့်တားပစ်ခတ်ခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်းထောက် ခါလီလ်သည် ဆေးကုသခွင့်မရဘဲ သွေးလွန်ပြီး သေဆုံးသွားခဲ့ရခြင်းဖြစ်ရာ ယင်းလုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။
အစ္စရေးစစ်တပ်ဘက်ကမူ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ သတင်းထောက်များကို တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုး မရှိဘဲ အနီးအနားရှိ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကို ရှင်းလင်းစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ အကြိုစုံစမ်းစစ်ဆေးမှုများအရ ပြန်လည်တုံ့ပြန်ထားသည်။
၂၀၂၃ ခုနှစ်မှစတင်ကာ လက်ဘနွန်စစ်ပွဲအတွင်း သေဆုံးခဲ့ရသည့် သတင်းထောက်ပေါင်း ၁၁ ဦးအထိ ရှိလာပြီဖြစ်သည်။
Photo:AFP