ရခိုင်တွင် ၁၁ ရက်အတွင်း အရပ်သား ၁၉ ဦး သေဆုံးဟု HDCO ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။

ရခိုင်ပြည်အတွင်း စစ်တပ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း အရပ်သား ၁၉ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေကြောင်း Humanitarian and Development Coordination Office (HDCO) က ဩဂုတ်လ ၁၂ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

ဩဂုတ်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကာလအတွင်း ရခိုင်ပြည်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသ များကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများနှင့် အခြား အရပ်ဘက် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည်။

HDCO နှင့် နီးစပ်သည့် ရခိုင်မြောက်ပိုင်းမှ အမျိုးသမီးတစ်ဦးက “ကျမတို့ စာရင်းတွေအရ တော်တော် ထိခိုက် လာတဲ့ အနေအထားပါ။ သံတွဲမြို့ဆိုရင် အငြိုးနဲ့လုပ်သလိုပါပဲ။ အခု ဆိုင်ကယ်မောင်းရင်တောင် ကောင်းကင် မော့ကြည့်နေရတယ်။ ဩဂုတ်လ ပထမ ၁၁ ရက်မှာတင် စစ်တပ် လေကြောင်းတိုက်လို့ သေဆုံးတာ ၁၉ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာ ၂၆ ယောက်ဆိုတော့ တော်တော်များတာ။ လူ့အသက်က တော်တော် ပေးနေရတာပါ” ဟု ပြောသည်။

HDCO က မှတ်တမ်းတင်ထားသည့် ဖြစ်စဉ်များတွင် သံတွဲ၊ အမ်း၊ မြောက်ဦးနှင့် ပလက်ဝ ဒေသရှိ အရပ်သား များ နေထိုင်ရာ နေရာများအပေါ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပါဝင်သည်။ 

ထို့ပြင် ရသေ့တောင်မြို့နယ်၊ နံ့သာကျွန်းတွင် ငါးဖမ်းနေသည့် စစ်ဘေးရှောင် အရပ်သားများကို အရပ်ဘက် ဝတ်စုံ ဝတ်ဆင်ထားသော စစ်အုပ်စု တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင် မွတ်ဆလင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ သည့် ဖြစ်စဉ်လည်း ပါဝင်သည်။

သံတွဲမြို့ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အကူအညီပေးခဲ့သူ ဒေသခံတစ်ဦးက “နေရာတင် သေသွားတဲ့သူတွေ ရှိသလို ချက်ချင်းရှာမတွေ့တာ လည်း ရှိတယ်။ ဒဏ်ရာရသူတွေလည်း အရမ်းများတယ်။ ဒဏ်ရာရတဲ့သူတွေ ကိုလည်း ရွာထဲက ရနိုင်တဲ့နည်းနဲ့ အရေးပေါ် ကူညီပေးနေရတယ်။ အသေအပျောက်ကတော့ တဖြည်းဖြည်း ထပ်တိုးလာတာမျိုးလို့ ပြောလို့ရ တယ်” ဟု သတင်းနှင့်မီဒီယာ ကွန်ရက်သတင်းဌာနကို ပြောသည်။

စစ်တပ်က အရပ်သားများအပေါ် ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ထိခိုက်သေဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းသည် အထူးစိုးရိမ်ဖွယ်ရာဖြစ်ကြောင်းနှင့် အရပ်သား ပြည်သူများနှင့် အရပ်ဘက် နေရာများကို တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း HDCO က ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူများသည် စစ်ရေးပစ်မှတ်များ မဟုတ်သည့်အတွက် အရပ်သားများ၏ အသက်အိုးအိမ် စည်း စိမ်၊ လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများနှင့် အခြား အရပ်ဘက် အဆောက်အအုံများကို အကာအကွယ် ပေးရမည်ဟု HDCO က ထောက်ပြထားသည်။

သို့ဖြစ်ပါ၍ ရခိုင်ပြည်အတွင်း ဆက်လက် မြင့်တက်နေသည့် အရပ်သား ထိခိုက်သေဆုံးမှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးတကြီး အာရုံစိုက်ရန်၊ အရပ်သားများ ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် မှုများကို ပိုမိုအားကောင်းစေရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ ချိုးဖောက်မှုများအတွက် အမှန်တကယ် တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြရန် HDCO က တိုက်တွန်းထားသည်။