ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နင်းရန် စစ်ဦးစီးချုပ်များဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။ 

ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥခရစ် ဘွန်တာနွန် (Ukrit Boontanon) နှင့် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဩဂုတ်လ ၁၉ ရက် မွန်းလွဲပိုင်းတွင် တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် ကျားဖြန့် လိမ်လည်မှုများ၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု စသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းရေး အပါအဝင် တောမီး၊ မြူခိုးနှင့် ရေကြီးမှု စသည့် သဘာဝဘေးအန္တရာယ် ပူးပေါင်းဖြေရှင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာစစ်သည်များ ထိုင်းဘာသာစကား ပိုမိုကျွမ်းကျင်စေရန်နှင့် တပ်မတော်နှစ်ရပ်ကြား နားလည်မှု ပိုမိုရရှိစေရန်အတွက် အဆင့်မြင့် ပညာရေးနှင့် သင်တန်းများ ပေးအပ်ရန် မြန်မာဘက်က အဆိုပြုခဲ့သည်။  

ထိုင်းဘက်ကလည်း စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းများတွင် မြန်မာစစ်အရာရှိများ ဆက်လက်ပါဝင်ရေးကို ကြိုဆိုခဲ့သည်။ 

ထို့အပြင် နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် မြို့နယ်၊ ဒေသဆိုင်ရာနှင့် အဆင့်မြင့်အရာရှိကြီးများ ကော်မတီ (TBC၊ RBC နှင့် HLC) စသည့် နယ်စပ်ကော်မတီ ယန္တရားများကို အသုံးပြု၍ နယ်စပ်ဒေသအား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဇုန် ဖြစ်လာစေရန် ဆွေးနွေးခဲ့ကြကြောင်း Transborder News ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Adul Boonthamcharoen နှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး ဩဂုတ်လ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ ကော်မတီ အစည်းအဝေးသို့လည်း တက်ရောက်လျှက်ရှိသည်။