ဓာတ်ဆီပြတ်လပ်မှုကြောင့် မော်စကိုနှင့် ရုရှားတစ်ဝှမ်း ရောင်းချမှု ကန့်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။ 

မော်စကိုမြို့အပါအဝင် ရုရှားနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီ လိုအပ်ချက် မြင့်မားနေခြင်းကြောင့် ဆီဆိုင်အများစု၌ ဓာတ်ဆီ ရောင်းချမှုကို ကန့်သတ်ချက်များ ပြန်လည်ထုတ်ပြန်လိုက်သည်။

ယူကရိန်း၏ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရုရှားနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများ ထိခိုက်ခဲ့သည့်အပြင် နွေရာသီ ခရီးသွားလာမှု လိုအပ်ချက် မြင့်မားခြင်းတို့ကြောင့် ဆီပြတ်လပ်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။ 

စက်သုံးဆီ ရောင်းချမှု ကန့်သတ်ချက်များသည် ကုမ္ပဏီအလိုက် ကွဲပြားမှုရှိသည်။

Rosneft ကုမ္ပဏီက တစ်နိုင်ငံလုံးရှိ ဆီဆိုင်များတွင် ယာဉ်တစ်စီးလျှင် ဓာတ်ဆီ ၃၀ လီတာနှုန်း ကန့်သတ်ရောင်းချပေးနေပြီး ဒီဇယ်ကိုမူ ကန့်သတ်ထားခြင်း မရှိပေ။ 

Gazprom Neft ကုမ္ပဏီ၏ အော်တိုမက်တစ် စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့် ဒီဇယ်ကို တစ်ဦးလျှင် ၄၀ လီတာနှုန်း ကန့်သတ်ထားကာ သာမန်ဆိုင်များတွင် ဓာတ်ဆီကို ယာဉ်တစ်စီးလျှင် ၆၀ လီတာအထိ ကန့်သတ်ထားသည်။ 

Tatneft ကုမ္ပဏီကမူ ဓာတ်ဆီကို ယာဉ်တစ်စီးလျှင် ၅၀ လီတာနှုန်း ကန့်သတ်ထားသည်။

ပြည်တွင်း စက်သုံးဆီ လုံလောက်မှုရှိစေရန်အတွက် ရုရှားအစိုးရသည် ဓာတ်ဆီနှင့် ဒီဇယ် ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားသည်။ 

ထို့အပြင် စက်သုံးဆီ အရည်အသွေး သတ်မှတ်ချက်များကို လျှော့ချကာ ပြည်ပမှ စက်သုံးဆီ ပြန်လည်တင်သွင်းမှုများ စတင်ပြုလုပ်နေသည်။