အချိုရည် သောက်သူများ အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေ ၃ ဆပို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
သကြားပါဝင်သည့် အချိုရည်များ သောက်သုံးခြင်းသည် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေကြောင်း အမေရိကန်နိုင်ငံ မက်ဆာချူးဆက် အထွေထွေ ဆေးရုံကြီးမှ သုတေသီများက တွေ့ရှိခဲ့ကြသည်။
Gastro Hep Advances ဂျာနယ်တွင် ဖော်ပြထားသည့် သုတေသနပြုချက်အရ သကြားပါသည့် အချိုရည်များကို တစ်နေ့လျှင် အနည်းဆုံး တစ်ခွက် သောက်သုံးသူများသည် အချိုရည် လုံးဝ မသောက်သူများထက် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ၂ ဒသမ ၄၅ ဆ (၃ ဆနီးပါး) အထိ ပိုမိုမြင့်မားနေကြောင်း တွေ့ရှိရသည်။
လိင်အလိုက် လေ့လာမှုများအရ အမျိုးသမီးများတွင် ဖြစ်နိုင်ခြေ ပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး တစ်နေ့လျှင် အချိုရည် တစ်ခွက် သောက်သုံးသည့် အမျိုးသမီးများ၌ ကင်ဆာဖြစ်နိုင်ခြေ ၃ ဆအထိ မြင့်မားနေကာ အမျိုးသားများတွင် ကင်ဆာဖြစ်နိုင်ခြေ ၂ ဆ ပိုမိုမြင့်မားနေသည်။
အဆိုပါ သုတေသနသည် ၁၉၈၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ လူပေါင်း ၁၁ သောင်းကျော်၏ အချက်အလက်များကို နှစ်ပေါင်းများစွာ စနစ်တကျ လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကယ်လိုရီမပါသည့် သကြားတု (Artificial Sweeteners) အသုံးပြုထားသည့် အချိုရည်များတွင်မူ အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေနှင့် ဆက်စပ်မှုကို မတွေ့ရှိရပေ။
သုတေသီများက အချိုရည်များတွင် ပါဝင်သည့် သကြားဓာတ်သည် ကိုယ်အလေးချိန် တိုးခြင်း၊ အင်ဆူလင် တုံ့ပြန်မှု မမှန်ခြင်းနှင့် ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် ကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နိုင်ကြောင်း သုံးသပ်ထားကြသည်။