အိန္ဒိယတွင် အိုင်ဖုန်းဝယ်ပေးရေး စကားများရာမှ မိသားစု ၃ ဦး တောင်ပေါ်မှ ပြုတ်ကျသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။ 

အိုင်ဖုန်းအသစ် ဝယ်မပေးသည့်ကိစ္စဖြင့် စကားများရာမှ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် သားဖြစ်သူ တောင်ပေါ်မှ ခုန်ချခဲ့သည်။ 

၎င်းအား ကယ်ဆယ်ရန် ကြိုးစားသည့် မိဘနှစ်ပါးပါ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခု အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း Hindustan Times သတင်း၌ ဖော်ပြထားသည်။ 

ဖြစ်စဉ်မှာ နံနက် ၁၀ နာရီခန့်တွင် အဆိုပါ လူငယ်သည် ဖုန်းအသစ်ဝယ်ပေးရန် ပူဆာရာမှ မိဘများနှင့် အချေအတင် စကားများပြီး မဟာရဋ္ဌပြည်နယ်ရှိ ခါဝဒ်ယာ တောင်ကုန်း (Khawadya Hill) ပေါ်သို့ ထွက်သွားခဲ့သည်။ 

မိဘများက စိုးရိမ်စိတ်ဖြင့် နောက်မှ လိုက်သွားကာ အိမ်ပြန်လာရန် ချော့မော့ ဖျောင်းဖျခဲ့ကြသည်။

လူငယ်ဖြစ်သူ တောင်ပေါ်မှ ခုန်ချရန် ကြိုးစားနေသည့် သတင်းကြောင့် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ အခင်းဖြစ်ပွားရာ တောင်ကုန်းသို့ ရောက်ရှိလာခဲ့ကြသည်။ 

ကယ်ဆယ်ရေးသမားများက တောင်အောက်တွင် ဘေးကင်းလုံခြုံရေး ပိုက်ကွန်များ ဖြန့်ကျက်ရန် ကြိုးစားခဲ့သော်လည်း၊ လူငယ်မှာ တောင်စွန်း၌ နေရာခဏခဏ ရွှေ့ဆိုင်းနေသည့်အတွက် ခုန်ချမည့်နေရာကို ခန့်မှန်းရ ခက်ခဲခဲ့သည်။ 

အာဏာပိုင်များနှင့် ရပ်မိရပ်ဖများက ၃ နာရီနီးပါး ဝိုင်းဝန်းဖျောင်းဖျခဲ့သော်လည်း နားထောင်မည့် အခြေအနေ မရှိခဲ့ပေ။

မွန်းလွဲ ၁ နာရီကျော်တွင် ဖခင်ဖြစ်သူက သားဖြစ်သူထံ တဖြည်းဖြည်း တိုးကပ်သွားပြီး နောက်ဆုတ်ရန် တောင်းပန်စဉ် လူငယ်က ရုတ်တရက် ခုန်ချလိုက်သဖြင့် ဖခင်ဖြစ်သူပါ လှမ်းဆွဲကယ်ဆယ်ရင်း အောက်သို့ အတူတကွ ပြုတ်ကျသွားခဲ့သည်။ 

သားနှင့် ခင်ပွန်းဖြစ်သူတို့ မျက်စိရှေ့တွင်ပင် ပြုတ်ကျသွားသည်ကို မြင်တွေ့လိုက်ရသည့် မိခင်ဖြစ်သူသည်လည်း တုန်လှုပ်ချောက်ချားကာ အောက်သို့ ချက်ချင်း လိုက်လံခုန်ချခဲ့ခြင်း ဖြစ်သည်။