တိုင်ဖုန်းမုန်တိုင်း နာရာကြောင့် တရုတ်နှင့် ဗီယက်နမ်တွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ 

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သည့် တိုင်ဖုန်းမုန်တိုင်း နာရာ (Narra) ၏ ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းနှင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ 

မုန်တိုင်းအရှိန်ကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသ၌ မြစ် ၁၅ စင်း၏ ရေမှတ်မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားခဲ့ပြီး ပြည်သူ ၅၄,၀၀၀ ကျော်ကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ချုံကျိုးမြို့တွင် လမ်းများနှင့် အဆောက်အအုံများ ရေမြုပ်နေသဖြင့် ကယ်ဆယ်ရေးသမားများက လေထိုးလှေများ အသုံးပြု၍ ပိတ်မိနေသူများကို ကူညီပေးနေရသည်။ 

မုန်တိုင်းသည် ကွမ်ရှီးပြည်နယ်အတွင်းသို့ ဦးတည်ရွှေ့လျားပြီး အားပျော့သွားနိုင်သော်လည်း ကွမ်ရှီး၊ ကွမ်တုန်း၊ ဟိုင်နန်နှင့် ဖူကျန့် ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။ 

ဗီယက်နမ်မြောက်ပိုင်း ပြည်နယ် ၂ ခုတွင်လည်း ၂၄ နာရီအတွင်း မိုးရေချိန် မီလီမီတာ ၂၃၆ မှ ၃၀၀ အထိ စံချိန်တင် ရွာသွန်းခဲ့ပြီး မြေပြိုမှုကြောင့် လူ ၁ ဦး သေဆုံးကာ အိမ်ထောင်စု ၄,၃၀၀ ထက်မက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟာလောင်းဘေး တည်ရှိရာ ကွမ်နင်း ပြည်နယ်အပါအဝင် မြို့ပြအချို့ ရေနစ်မြုပ်ခဲ့သဖြင့် သွားလာရေး၊ ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ 

ထို့ပြင် မိသားစု ၅၅,၀၀၀ နီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး၊ စပါးနှင့် အခြားစိုက်ပျိုးဧက ၂၅,၀၀၀ ထက်မက ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရသည်။