တရုတ် J-16 နှင့် ပြင်သစ်ပိုင်ရာဖေးလ် လေယာဉ်များပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။
တရုတ်နိုင်ငံ၏ စတုတ္ထမျိုးဆက်လွန် J-16 တိုက်လေယာဉ်များသည် အီဂျစ်နိုင်ငံ၌ ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ပြင်သစ်လုပ် ရာဖေးလ် (Rafale) တိုက်လေယာဉ်များနှင့်အတူ ကောင်းကင်ယံတွင် ပူးတွဲ ပျံသန်းလေ့ကျင့်ခဲ့ကြသည်။
မြို့ပြ ဖွံ့ဖြိုးမှု၏ လင်းယုန်များ “Eagles of Civilization” အမည်ရှိ တရုတ်နှင့် အီဂျစ်နိုင်ငံတို့၏ ဒုတိယအကြိမ်မြောက် လေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၂၂ ရက်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
J-16 တိုက်လေယာဉ်များသည် မိုင်ပေါင်းများစွာ ခရီးကို ဝေဟင်ဆီဖြည့်စနစ်ဖြင့် ပျံသန်းလာခဲ့ခြင်းဖြစ်သည်။
ယခုလေ့ကျင့်မှုသည် တိုက်လေယာဉ် နှစ်မျိုး၏ စွမ်းဆောင်ရည်ကို တိုက်ရိုက် ယှဉ်ပြိုင်ရန် မဟုတ်ဘဲ၊ လေကြောင်းတိုက်ပွဲ စစ်ဆင်ရေးများ ပူးတွဲ စီမံခန့်ခွဲနိုင်ရန်၊ တိုက်ခိုက်ရေး သဘောတရားများ ညှိယူရန်နှင့် အတွေ့အကြုံ ဖလှယ်ရန် အဓိကထား ဆောင်ရွက်ခြင်းဖြစ်သည်။
စစ်ရေးလေ့ကျင့်မှု အစပိုင်းတွင် သီအိုရီနှင့် လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပူးတွဲပျံသန်းမှုများနှင့် တိုက်ပွဲဝင် စီမံခန့်ခွဲမှုများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။
J-16 တိုက်လေယာဉ်သည် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်က အသုံးပြုနေသည့် Generation 4.5 အဆင့်ရှိ တိုက်လေယာဉ်ဖြစ်သည်။
AVIC Shenyang မှ ထုတ်လုပ်၍ ခေတ်မီ အီလက်ထရွန်နစ် လေကြောင်းစနစ်များ၊ အဆင့်မြင့် ရေဒါနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ် (electronic warfare systems) များ တပ်ဆင်ထားသည်ဟု ဆိုသည်။