၁၉၉၀ ပြည့်နှစ်ထုတ် ထိုင်း ၁၀ ဘတ်စေ့တစ်စေ့ကို ကျပ် သိန်း ၃၀၀၀ ကျော်နဲ့ စံချိန်တင် လေလံအောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။
၁၉၉၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်စေ့ တစ်စေ့ကို အွန်လိုင်း လေလံပွဲတစ်ခု၌ ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ ကျော်) ဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့ကြောင်း ထိုင်းဘဏ္ဍာရေးဌာန၏ သတင်းအချက်အလက်များကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။
အဆိုပါ ၁၀ ဘတ်စေ့ကို ထိုင်းဘဏ္ဍာရေးဌာနက ဩဂုတ်လ ၂၄ ရက်နေ့၌ ပထမဆုံးအကြိမ် ကျင်းပသည့် အွန်လိုင်း လေလံပလက်ဖောင်းမှတစ်ဆင့် လေလံတင် ရောင်းချခဲ့ခြင်းဖြစ်သည်။
လေလံပွဲ စတင်ပြီး ၁၀ မိနစ်နှင့် စက္ကန့် ၄၀ အတွင်း အနိုင်ရ လေလံခေါ်ယူမှု ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုင်း ဒင်္ဂါးပြား စုဆောင်းသူ ပညာရှင်တစ်ဦးက ဘတ် ၂ ဒသမ ၅၄ သန်းဖြင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ယခု စံချိန်တင် ဈေးရရှိခဲ့သည့် ၁၀ ဘတ်စေ့သည် ၁၉၉၀ ပြည့်နှစ်က ဗြိတိန်နိုင်ငံ၌ ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် ကမ္ဘာ့ဒင်္ဂါးသွန်းလုပ်ရေး အကြီးအကဲများ ညီလာခံ အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ ပထမဆုံး သတ္တုနှစ်မျိုးစပ် (Bimetallic) ၁၀ ဘတ်စေ့လည်း ဖြစ်သည်။
အဆိုပါ ဒင်္ဂါးစေ့ကို တစ်ကမ္ဘာလုံးတွင် အရေအတွက် ၁၀၀ သာ ထုတ်လုပ်ခဲ့ရာ ၃၄ စေ့ကို နိုင်ငံတကာ ပြပွဲများ၌ ပြသခဲ့ပြီး ၈ စေ့ကို ပြတိုက်တွင် ထိန်းသိမ်းထားရှိကာ ကျန်ရှိသည့် ဒင်္ဂါးစေ့များကို ထိုင်းဘဏ္ဍာရေးဌာနက သိုလှောင်ရုံ၌ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဒင်္ဂါးစေ့သည် ထိုင်းနိုင်ငံထုတ် ဒင်္ဂါးစေ့များအနက် အမြင့်ဆုံး အရည်အသွေး စံချိန် ရရှိထားသည့် ဒင်္ဂါးစေ့ဖြစ်ကြောင်း ဘဏ္ဍာရေးဌာနက အတည်ပြုထားသည်။
ထို့ပြင် ထိုင်းဘဏ္ဍာရေးဌာနအနေဖြင့် ရှေ့လျှောက် လစဉ် ၁၇ ရက်နေ့တိုင်း ရှားပါး အထိမ်းအမှတ် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးများကို လေလံတင် ရောင်းချပေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။