အမေရိကန်၌ ခိုလှုံခွင့်လျှောက်ထားသူ ၂ သိန်းနီးပါး၏ B1/B2 ဗီဇာများကို ရုတ်သိမ်းရန် ထရမ့်အစိုးရ ပြင်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။
အမေရိကန်ပြည်ထောင်စုအတွင်း ဒုက္ခသည်အဖြစ် ခိုလှုံခွင့် (Asylum) လျှောက်ထားထားသူ သို့မဟုတ် လျှောက်ထားရန် ပြင်ဆင်နေသူ ၂ သိန်းနီးပါး၏ အလည်အပတ်နှင့် စီးပွားရေး ဗီဇာများ (B1/B2) ကို ပယ်ဖျက်ရုတ်သိမ်းရန် အမေရိကန်အစိုးရက ပြင်ဆင်လျက်ရှိကြောင်း Associated Press (AP) သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ အရေးယူဆောင်ရွက်မှု အကောင်အထည်ပေါ်လာပါက အမေရိကန် သမိုင်းတွင် တစ်ပြိုင်နက်တည်း ဗီဇာ အရေအတွက် အများဆုံး ရုတ်သိမ်းသည့် ဖြစ်စဉ် ဖြစ်လာမည် ဖြစ်သည်။ ယင်းအစီအစဉ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ထုတ်ပေးခဲ့သော B1 (စီးပွားရေး) နှင့် B2 (အလည်အပတ်) ဗီဇာ ပိုင်ရှင်များအနက် အမေရိကန်၌ ခိုလှုံခွင့် လျှောက်ထားသူများကို သီးသန့် ပစ်မှတ်ထားခြင်းဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီ ပစ်ဂေါ့တ် (Tommy Pigott) က “ခဏတာ လာရောက်သူများအဖြစ် အမေရိကန်သို့ ဝင်ရောက်လာပြီးမှ အပြီးအပိုင် နေထိုင်ရန် ခိုလှုံခွင့် လျှောက်ထားသူများ၏ ယာယီဗီဇာများကို စိစစ်ပယ်ဖျက်သွားမည်” ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ယခုကဲ့သို့ ဗီဇာ ရုတ်သိမ်းခံရခြင်းသည် ချက်ချင်း ပြည်နှင်ဒဏ် (Deportation) ပေးခံရမည်ဟု အလိုအလျောက် အဓိပ္ပာယ်မသက်ရောက်ကြောင်း အမေရိကန် အာဏာပိုင်များက ရှင်းလင်းထားသည်။ ခိုလှုံခွင့် လျှောက်ထားဆဲ (Pending Asylum) အမှုရှိသူများသည် အမှုရင်ဆိုင်နေစဉ် ကာလအတွင်း B1/B2 ဗီဇာ အဆင့်အတန်း ပယ်ဖျက်ခံရမည် ဖြစ်ပြီး အခြား လူဝင်မှုကြီးကြပ်ရေး အဆင့်အတန်းတစ်ရပ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ထရမ့်အစိုးရသည် လွန်ခဲ့သည့် ၁၈ လအတွင်း ပြစ်မှုကျူးလွန်သူများနှင့် အမေရိကန် မူဝါဒများကို ဆန့်ကျင်ပြောဆိုသူ ၁၇၅,၀၀၀ ကျော်၏ ဗီဇာများကိုလည်း ရုတ်သိမ်းခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ အမေရိကန်၌ ခိုလှုံခွင့် လျှောက်ထားထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ အမှုကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ရှေ့နေများနှင့် အချိန်မီ ကြိုတင်တိုင်ပင် ဆွေးနွေးထားကြရန် ဥပဒေကျွမ်းကျင်သူများက တိုက်တွန်းထားသည်။
Photo:EPA