ရခိုင်ရိုးမနှင့် ပဲခူးတိုင်း အစပ် ကပစ (၁၆) အနီး စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော် ဖြတ်တောက်တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။

နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆) နှင့် ညောင်ကျိုးကျေးရွာ ပတ်ဝန်းကျင်၌ အာရက္ခတပ်တော် (AA) က ဖြတ်တောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်အုပ်စုတပ်သည် အင်အားဖြည့်တင်းမှုများ ပြုလုပ်ပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်းပိုင်းရှိ ကပစ (၁၆) မသုန်နှင့် ညောင်ကျိုး ပတ် ဝန်းကျင် ရိုးမတောင်ခြေနှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် နယ်မြေဒေသများတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲ များ ပိုမိုပြင်းထန်လာနေသည်။

ညောင်ကျိုးနှင့် ကပစ (၁၆) မသုန်ဒေသတို့သည် ရခိုင်ရိုးမ တောင်တန်းပေါ်နှင့် တောင်ခြေတွင် တည်ရှိသည့် ကြားစခန်းများနှင့် ကျေးရွာများဖြစ်သဖြင့် ရခိုင်ရိုးမနှင့် တစ်ဆက်တည်း တည်ရှိကာ နှစ်ဖက်တပ်များ စစ်ရေး လွှမ်းမိုးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည့် နေရာများဖြစ်သည်။ 

စစ်အုပ်စုတပ်ဘက်မှ လက်နက်ကြီး၊ လေကြောင်းနှင့် ကုန်းကြောင်း အင်အားဖြည့်တင်းမှုများကို ဖြတ်တောက် ရန် အာရက္ခတပ်တော်က ကြိုတင်ပိတ်ဆို့ တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲများ ပြင်းထန်လာရခြင်း ဖြစ်သည်။

ပြည်မြို့အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက စစ်တပ် စစ်ကြောင်းကို အေအေဖြတ်တိုက်တာလို့ သိရ ပါတယ်။ အရင်ရက်ပိုင်းက ပြည်ကိုရောက်တဲ့ စစ်အင်အားတွေက ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်ဖက်က ကပစ ၆၊ ညောင်ခြေထောက်တို့ အခြေစိုက်စခန်းနေရာတွေက တဆင့် ရိုးမကိုတက်တာမှာ ဖြစ်ကြတာပါ ဟု သတင်းနှင့် မီဒီယာ ကွန်ရက်သို့ ပြောသည်။

လက်ရှိတွင် ကပစ (၁၆) ၏ ကာကင်းစခန်း ပွိုင့်အချို့နှင့် ညောင်ကျိုး လေလာတောင် ဝန်းကျင်တို့၌ နှစ်ဖက် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားနေသည်။

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပန်းတောင်း-တောင်ကုတ် ရိုးတောင်ကျော် လမ်းပိုင်းရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားသော နေရာများကို စစ်အုပ်စုတပ် စစ်ကြောင်းများက ထိုးစစ်ဆင် ဝင်ရောက်ရန် ကြိုးပမ်းနေပြီး နှစ်ဖက် အထိအခိုက် ကျဆုံးမှု စာရင်းကိုမူ မသိရသေးပေ။

စစ်အုပ်စုတပ်သည် ဩဂုတ်လ ဒုတိယပတ်မှစ၍ ပဲခူးတိုင်း-တောင်ကုတ် ရိုးကျော်လမ်း စစ်မျက်နှာများသို့ ရှေ့တန်းအင်အား တစ်ထောင်နီးပါး ဖြန့်ကြဲကာ စစ်မျက်နှာ ချဲ့ထွင်လာနေသဖြင့် အဆိုပါ တောင်ကြားလမ်း၌ အာရက္ခတပ်တော်နှင့် စစ်အုပ်စုတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများ ပိုမို အရှိန်မြင့်တက်လာနေသည်။

ဓာတ်ပုံ – (စစ်အုပ်စုစစ်ကြောင်း – ပုံဟောင်း / Crd)