ကမ္ဘာကျော် ကန်းထရီး အဆိုတော် ဒေါ်လီ ပါတန် အသက် ၈၀ အရွယ်တွင် ကွယ်လွန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ခုနှစ်၊ ဩဂုတ် ၂၆ရက်။
ကမ္ဘာကျော် ကန်းထရီး ဂီတအနုပညာရှင် အဆိုတော်ရုပ်ရှင် မင်းသမီးကြီး ဒေါ်လီ ပါတန် (Dolly Parton) သည် ကင်ဆာရောဂါဖြင့် ဩဂုတ်လ ၂၅ ရက်နေ့က အသက် ၈၀ အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။
၎င်း၏ ပြန်ကြားရေးအဖွဲ့က “ဒေါ်လီ ပါတန် ချန်ရစ်ခဲ့သည့် အမွေအနှစ်ဆိုသည်မှာ ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကြံ့ကြံ့ခံနိုင်မှုများပင် ဖြစ်သည်” ဟု ထုတ်ပြန်ထားသည်။
ဆယ်စုနှစ် ၆ ခုကျော် ကြာမြင့်ခဲ့သည့် ၎င်း၏ ဂီတသက်တမ်းအတွင်း သီချင်းပေါင်း ၃,၀၀၀ ကျော် ရေးသားခဲ့ပြီး တစ်ကမ္ဘာလုံးတွင် တေးအယ်လ်ဘမ် စီးရေ သန်း ၁၀၀ ထက်မနည်း ရောင်းချခဲ့ရသည်။
ထို့ပြင် ဒေါ်လီသည် ကလေးသူငယ်များ စာတတ်မြောက်ရေးနှင့် ပညာရေး အပါအဝင် လူမှုကူညီရေး ပရဟိတ လုပ်ငန်းများကိုလည်း ဆယ်စုနှစ်ပေါင်းများစွာ ပေးဆပ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
တန်နက်ဆီပြည်နယ်၊ စမိုကီတောင်တန်းပေါ်မှ အခန်းတစ်ခန်းတည်းရှိ သစ်လုံးအိမ်လေးတွင် မွေးချင်း ၁၂ ယောက်အနက် တစ်ဦးအဖြစ် အလွန် ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းခဲ့ရသည်။
ဒေါ်လီပါတန်သည် ရဲရင့်ထူးခြားသည့် ပုံစံ၊ ထင်ရှားသည့် ရုပ်ရှင်ဇာတ်ကားများနှင့်အတူ အရွယ်သုံးပါးမရွေး ပရိသတ်အားလုံး၏ ရင်ကို ညှို့ယူနိုင်ခဲ့သည့် ကမ္ဘာ့အဆင့် ဂီတစတားတစ်ဦး ဖြစ်ခဲ့သည်။