ရခိုင်၌ ဗုံးများမှ ယမ်းအဆိပ်ကြောင့် နွားများသေဆုံး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပါ ထိခိုက်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်

ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား အသောက်များကို စားသုံးခြင်း မပြုကြရန်နှင့် အိမ်မွေးတိရိစ္ဆာန်များကို လွှတ်ကျောင်းခြင်း မပြုကြရန် လိုအပ် လာသည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် အာရက္ခပြည်သူ့ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်ရသိရသည်။

မိုးရာသီ ကာလဖြစ်သည့်အတွက် ဗုံးကြဲခံရသည့် နေရာများရှိ ဗုံးသီးများတွင် ပါဝင်သော ယမ်းများသည် မိုးရေ နှင့်အတူ ဘေးပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားရာမှ ယမ်းအဆိပ်သင့်မှုများ ဖြစ်ပွားလျက်ရှိခြင်းဖြစ်သည်။

ယခင်က ဗုံးကြဲခံရသော နေရာများ၌ တိရိစ္ဆာန်များ သေဆုံးသည့် ဖြစ်ရပ်များ မရှိခဲ့သော်လည်း ယခု ရသေ့ တောင်မြို့နယ်အတွင်း စစ်တပ် ဗုံးကြဲခဲ့သည့် နေရာများနှင့် ထိုပတ်ဝန်းကျင်ရှိ နွားစားကျက်များ၌ နွားများ အား အစာစားရန် လွှတ်ထားချိန်တွင် အကြောင်းအရင်း တစ်စုံတစ်ရာ မရှိဘဲ နွားများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိနေရသည်။

ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက လေကြောင်း ဗုံးကြဲခံထားရတဲ့ နေရာတွေ ဗုံးသီးတွေထဲပါတဲ့ ယမ်းတွေ ကြောင့် သီးနှံ၊ အစားအသောက် အန္တယ်ရယ်ရှိနိုင်တယ် အခုကတော့ ရသေ့တောင်မြို့နယ်ထဲက စစ်တပ်ဗုံးကြဲ ခဲ့တဲ့နေရာတွေမှာ နွားတွေ တစ်ကောင်ပြီး တစ်ကောင်သေနေတယ် ကျနော်တို့ ပြည်နယ်က စစ်တပ်ဗုံးကြဲလို့ လူတွေသေတဲ့အပြင် မွေးမြူရေးနဲ့ စိုက်ပျိုးရေးပါ ထိခိုက်လာပြီ ဟု ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အာရက္ခပြည်သူ့ ကျန်းမာရေးဌာန၊ မှုခင်းရေးရာ ဆေးပညာဌာနခွဲမှ နွားများ မည် သည့်အကြောင်းကြောင့် သေဆုံးခဲ့ရသည်ကို အဖြေရှာ စုံစမ်းစစ်ဆေးလျက်ရှိပြီး ရှာဖွေတွေ့ရှိပါက ပြည်သူများ ထံ ဆက်လက် အသိပေး ထုတ်ပြန်သွားမည်ဟု ဆိုသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဩဂုတ်လ ၂၅ ရက်နေ့စွဲဖြင့် သတိပေးချက် ထုတ်ပြန်ထားရာ၌ စစ်အုပ်စု တပ်၏ လေကြောင်း ဗုံးကြဲခံရသည့် နေရာအနီးရှိ အသီးအနှံ၊ အစားအသောက်များကို စားသုံးခြင်း မပြုရန်နှင့် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက် စသည့် အိမ်မွေးတိရိစ္ဆာန်များကို လွှတ်ကြောင်းခြင်းများ ရှောင်ရှားကြရန် အသိ ပေးထားသည်။

ထို့ပြင် ရခိုင်ဒေသအတွင်း ယခုကဲ့သို့ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ သေဆုံးသည့် ဖြစ်စဉ်များ တွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးဌာနများနှင့် ဒီလပ် (DELAP) ဌာနများသို့ ချက်ချင်း အကြောင်းကြားကြရန်လည်း တိုက်တွန်းထား သည်။

ဓာတ်ပုံ – Arakan Princess Media