ဒွိုင်အင်ထနွန် အမျိုးသားဥယျာဉ်ရှိ အပန်းဖြေစခန်းနှစ်ခု တောင်ကျရေကြောင့် ခေတ္တပိတ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဒွိုင်အင်ထနွန် တည်ရှိရာ အမျိုးသားဥယျာဉ်အတွင်းရှိ အပန်းဖြေစခန်းနှစ်ခုကို တောင်ကျချောင်းရေ အန္တရာယ်ကြောင့် ခေတ္တပိတ်ထားကြောင်း အမျိုးသား ဥယျာဉ် အာဏပိုင်များက ကြေညာထားသည်။

ပိတ်ထားသည့် နေရာများမှာ ဖာဒေါ့စီယောင် သဘာဝလေ့လာရေးလမ်းကြောင်း (Pha Dok Siao Nature Trail) နှင့် မယ့်ယ ရေတံခွန်တို့ ဖြစ်ကြသည်။

တောင်ကျရေနှင့်အတူ နှုန်းမြေများ စီးဆင်းလာပြီး သစ်သားတံတားများ ပျက်စီးနိုင်ခြင်း၊ ရေစီးသန်သဖြင့် မျောပါသွားနိုင်ခြင်းတို့ကြောင့် ခရီးသွား ပြည်သူများ၏ ဘေးအန္တရာယ်အတွက် အရေးပေါ် ခေတ္တပိတ်ထားရခြင်းဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ နေရာများကို ရေဘေးအန္တရာယ် ကင်းရှင်းပြီး စိတ်ချရပြီဟု အမျိုးသားဥယျာဉ် တာဝန်ရှိသူများက အတည်ပြုပြီးမှသာ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ဒွိုင်အင်ထနွန်သို့ သွားရောက်လည်ပတ်မည့် ခရီးသွားများအနေဖြင့် တားမြစ်ထားသည့် နေရာများသို့ သွားရောက်ခြင်း မပြုကြရန်နှင့် ခရီးမထွက်ခွာမီ ဥယျာဉ်၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ သို့မဟုတ် သတင်းပြန်ကြားရေးဌာနတို့၌ မိုးလေဝသ အခြေအနေများကို ကြိုတင်စုံစမ်းကြရန် မေတ္တာရပ်ခံထားသည်။