ကုန်သွယ်ရေး စစ်မဆင်နွဲရန် EU ကို တရုတ် ပြောကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

တရုတ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့်အတွက် ကုန်သွယ်ရေးစစ်ပွဲများ မဆင်နွှဲသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားလိုက်သည်။

ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု အလွန်အမင်း များပြားနေခြင်းနှင့် ငွေကြေးတန်ဖိုး လျှော့ချထားခြင်းတို့ကြောင့် ကုန်သွယ်ရေး မညီမျှမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေသည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံစလုံး၏ မူဝါဒရေးရာ စိုးရိမ်မှုများကို တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် အဖြေရှာသင့်ကြောင်းနှင့် ဂျာမနီအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုကို ကာကွယ်ပြီး ကာကွယ်ရေးဝါဒကို ငြင်းပယ်ရာတွင် ဥရောပသမဂ္ဂအတွင်း ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုသည် အားလုံးအတွက် အကျိုးရှိကြောင်း သဘောတူညီခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ဆံရေးသည် တရားမျှတသည့် စည်းမျဉ်းများ၊ တန်းတူညီမျှမှုများအပေါ် အခြေခံရမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။