မတရား ကုန်သွယ်မှုပြုသည့် နိုင်ငံများကို အရေးယူရန် ပြင်သစ်နှင့် ဂျာမနီ EU အား တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ဥရောပသမဂ္ဂ (EU) အတွင်း မတရား ကုန်သွယ်မှု ပြုလုပ်နေသည့် ပြည်ပနိုင်ငံများကို ပိုမိုပြင်းထန်စွာ အရေးယူနိုင်ရန်နှင့် ဥရောပ ဘုံဈေးကွက်အတွင်းမှ အလျင်အမြန် ပိတ်ပင်ဖယ်ရှားနိုင်ရန် ဂျာမနီနှင့် ပြင်သစ် ခေါင်းဆောင်နှစ်ဦးက တောင်းဆိုလိုက်သည်။

ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ချ် မာဇ် (Friedrich Merz) နှင့် ပြင်သစ်သမ္မတ အီမန်နျူအယ်လ် မက်ခရွန် (Emmanuel Macron) တို့သည် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါ လေယင် (Ursula von der Leyen) ထံ ပူးတွဲ အဆိုပြုလွှာတစ်စောင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တောင်းဆိုချက်၌ မည်သည့်နိုင်ငံကိုမျှ အမည်တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း၊ ဥရောပသမဂ္ဂနှင့် မကြာခဏ ကုန်သွယ်ရေး အငြင်းပွားလေ့ရှိသော တရုတ်နိုင်ငံနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန် မူဝါဒများကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ခေါင်းဆောင်နှစ်ဦးက EU ကုမ္ပဏီများအနေဖြင့် နိုင်ငံတစ်နိုင်ငံတည်း သို့မဟုတ် ပံ့ပိုးသူ တစ်ဦးတည်းအပေါ် လွန်လွန်ကဲကဲ မှီခိုနေရခြင်းကို လျှော့ချရန် အဆိုပြုထားသည်။

ထို့ပြင် ပြည်ပနိုင်ငံတစ်ခုခုက မတရားသော စီးပွားရေး သို့မဟုတ် နိုင်ငံရေး နည်းလမ်းများ အသုံးပြု၍ EU ၏ ဘုံဈေးကွက်ကို ထိခိုက်အောင် ဆောင်ရွက်လာပါက အဆိုပါနိုင်ငံ၏ ကုန်သွယ်ခွင့်ကို ဥရောပကော်မရှင်က အရေးပေါ် လုပ်ထုံးလုပ်နည်းဖြင့် အမြန်ဆုံး ပိတ်ပင်နိုင်သည့် လုပ်ပိုင်ခွင့်အသစ် ပေးအပ်ရန်လည်း တောင်းဆိုထားသည်။

လက်ရှိတွင် ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံနှင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ နီးပါးအထိ ကုန်သွယ်ရေး လိုငွေပြလျက်ရှိပြီး၊ အရေးပါသော ကုန်ကြမ်းများနှင့် နည်းပညာပိုင်းတွင် တရုတ်နှင့် အမေရိကန်တို့အပေါ် မှီခိုနေရခြင်းကြောင့် စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။