ကုလသမဂ္ဂ ပဋိညာဉ်ရှိ “ရန်သူနိုင်ငံ” စာသားပါ ပုဒ်မများ ဖျက်သိမ်းရန် ဂျပန်ဝန်ကြီးချုပ် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါ “ရန်သူနိုင်ငံ” အဖြစ် သုံးနှုန်းထားသည့် ပုဒ်မများကို ဖျက်သိမ်းရန်နှင့် လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရန် ဂျပန်ဝန်ကြီးချုပ် စနိုင်း တာကာအိချိ (Sanae Takaichi) က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တောင်းဆိုလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် တာကာအိချိ သည် ကုလသမဂ္ဂ အထွေထွေညီလာခံ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားစဉ် ဒုတိယကမ္ဘာစစ်အပြီး ရေးဆွဲခဲ့သည့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၌ ဂျပန်၊ ဂျာမနီနှင့် အီတလီနိုင်ငံများကို “ရန်သူနိုင်ငံ” (Enemy State) အဖြစ် သတ်မှတ်ထားသည့် ခေတ်မမီတော့သော ပုဒ်မများကို အပြီးသတ် ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လုံခြုံရေးကောင်စီ၏ တရားဝင်မှုနှင့် ကိုယ်စားပြုမှုကို မြှင့်တင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံ အရေအတွက်ကို တိုးမြှင့်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

မိန့်ခွန်းမပြောကြားမီ ဝန်ကြီးချုပ် တာကာအိချိ သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၃၅ ကြာ သီးသန့်တွေ့ဆုံခဲ့သည်။  

တရုတ်အရေး၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေး၊ ဆီမီကွန်ဒတ်တာ၊ AI နည်းပညာနှင့် စီးပွားရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။