ကွတ်ခိုင်မြို့တွင်း တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မ စစ်ကောင်စီတပ်စခန်းများ အနီးတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၆နာရီ ၅၀ မိနစ် အချိန်ကစပြီး စစ်ကောင်စီနှင့် KIA တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
ကွတ်ခိုင်မြို့မ စစ်ကောင်စီတပ်စခန်းအနီးနှင့် ကွတ်ခိုင်မြို့ အထွက် တိုးဂိတ်အနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
“စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ဖြစ်တာက ည ၆ နာရီကျော် ၇ နာရီထိုးတော့မယ်။ မြို့မစခန်း နားမှာ ဖြစ်တာ။ ကွတ်ခိုင်အထွက် တိုးဂိတ်နားမှာလည်း ဖြစ်တယ်။ အသံတွေဆို နီးနီးလေးကြားနေရတာ။ ဖြစ်တာ နီးနီးမှာပဲ” ဟု ဒေသခံ တစ်ယောက် က ပြောသည်။
စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များက ကျေးရွာများနှင့် အလွန်နီးသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲအတွင်း အရပ်သားထိခိုက်မူ ရှိမရှိကို အတည်မပြုနိုင်သေးပေ။
ဒီဇင်ဘာလ ၁၈ ရက်နေ့ ညတိုက်ပွဲသည် နှစ်ဖက်ကြား အပြန်အလှန် မိနစ် ၃၀ ကျော်အကြာ ပစ်ခတ်ခဲ့ကြသည်။
ဒေသခံများနှင့် မြေပြင်တပ်ဖွဲ့များ၏ ပြောဆိုချက်အရ တိုက်ပွဲသည် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မ တော် KIA တို့ အကြား ဖြစ်ပွားခဲ့သည်ဟု သိရသော်လည်း သီးခြား အတည်မပြုချက် မရှိသေးပေ။
ကွတ်ခိုင်မြို့နယ်ထဲတွင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီနှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ များ အကြား ယနေ့ညတိုက်ပွဲ အပါအဝင် တိုက်ပွဲပေါင်း ၆ ကြိမ်ဖြစ်ပွားခဲ့ပြီးသည်။
ထိုတိုက်ပွဲများအနက် ယနေ့ညတိုက်ပွဲသည် ကွတ်ခိုင်မြို့နှင့် အနီးဆုံးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရုပ်သံဖိုင် – CJ