မတ္တရာတွင် စစ်ကောင်စီ ကားတန်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ စစ်ကား ၅ စီး ကို ပဒေသာ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဇန္နဝါရီလ ၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီ မိနစ် ၅၀ အချိန်ခန့်က ဆိပ်သာကျေးရွာထိပ် ချိုမ့်ကြီးပြွန်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“မိုင်းခွဲသံကြားပြီး သေနတ်တွေ တောက်လျောက်ပစ်တော့တာ။ အချက် ၄၀ ကျော်လောက်ရှိမယ်။ ရွာထဲက လူ တွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ အကုန်ပြေးကြတာ” ဟု ဆိပ်သာကျေးရွာက အသက် ၅၀ နှစ် အရွယ် အမျိုးသမီးတစ်ဦး က ပြောသည်။

စစ်ကောင်စီ၏ ကားများ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် အနီးတွင် စစ်သားများက သေနတ်ဖြင့် ရမ်းသမ်း ပစ် ခတ်မှုကြောင့် ဆိပ်သာကျေးရွာက ရွာသားများ ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြသည်ဟု သိရသည်။

ကားကြီး ၃ စီး နှင့် ကားလေး ၂ စီး သည် သဖန်းကိုင်းကျေးရွာနှင့် အုန်းလွတ်ကျေးရွာတွင် သေနတ်များဖြင့် ပစ် ခတ်ခြင်း၊ ကျွန်းပင်ကျေးရွာ တောစပ်တကြော လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ အပြီး အပြန်တွင် စစ် ကောင်စီ၏ ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရသည့် ကား ၅ စီးထဲတွင် လက်နက်ကြီး တင်လာသည့် ကားသေး ထိသွားသည် ဟု သိရပြီး ထိခိုက်ဆုံးရှုံးမူများရှိသည်ဟု ကြားသိရသည်။

သို့သော် ထိခိုက်ဆုံးရှုံးမှုကိုစာရင်းကို အတည်မပြုနိုင်သေးပေ။

အလားတူ အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုလည်း မသိရသေးပေ။