ရာအိမ်မှူး တစ်ဦး လ္ဘက်ရည်ဆိုင်တွင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။
သာကေတနေ စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံ လိုက် ရသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။
ဇန္နဝါရီလ ၁၄ ရက်နေ့ (ယနေ့)၊ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် သာကေတမြို့နယ်၊ ၁၀/တောင် ၁၃ ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးလှသွင်သည် လက် ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
“နဖူးတည့်တည့်ကို ချိန်ပြီး နှစ်ချက်ဆင့် ပစ်သွားတာ။ ပြီးတော့ နောက် တစ်ယောက် ကျန်သေးတယ်လို့ ပြော ပြီး ထွက်သွားတာ” ဟု ပစ်ခတ်မှုကို အစအဆုံးမြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။
သေဆုံးသူရာအိမ်မှူးဦးလှသွင်သည် ၁၃ ရပ်ကွက်၊ ဇေယျဝတီ ၄ လမ်းအတွင်းနေထိုင်သူဖြစ်ပြီး ဇေယျဝတီ ၂ လမ်းထိပ်ရှိ လဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ သည် ဟု ၎င်းကဆိုသည်။
ထို့အပြင် အဆိုပါ ရာအိမ်မှူးပစ်သတ်ခံရပြီးနောက် သာကေတမြို့နယ် အတွင်းရှိ အချို့သော ရပ်ကွက်အုပ်ချုပ် ရေးမှူးများ နှင့် အပေါင်းအပါများသည် မွန်းတည့် ၁၂ နာရီ အချိန်ဝန်းကျင်က စစ်ကောင်စီ တပ်သားများ ခြံရံကာ မြို့နယ် အတွင်း လှည့်ပတ်သွားလာနေကြသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတုန်းကလည်း မြောက်ဒဂုံမြို့နယ်၊ တွံတေးမြို့နယ်နှင့် အခြားမြို့နယ်အချို့ရှိ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များ လက်ဖက်ရည်ဆိုင် အတွင်း ပစ်ခတ်ခံရမှု မကြာခဏ ဖြစ်ပွားခဲ့သည်။