ကျောက်မီးသွေးတွင်း လုံခြုံရေး တပ်က ဒေသခံများအား အဓမ္မလုပ်အားခိုင်းစေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်မည့်နေရာအနီးတွင် စစ်ကောင်စီ တပ်စခန်းသစ် တည်ဆောက်ရာတွင် ဒေသခံများအား အတင်းအဓမ္မ လုပ်အားပေးစေခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ယမန်နေ့က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြလိုက်သည်။

၂၀၂၂ ခုနှစ်၊ မတ်လ အကုန်ပိုင်းက နမ့်စန်မြို့နယ်၊ နောင်ဟီးကျေးရွာအုပ်စုမှ ဒေသခံ တစ်ရာ ကျော်အား အဓမ္မလုပ်အား ခိုင်းစေခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆန်လွယ်က ပြောသည်။

“အဓိကတော့ တပ်တွေ သွားဆောက်ခိုင်း ပြီး တော့ ခြုံစည်းရိုးတွေ သွားလုပ်ခိုင်းတယ်ခင်ဗျာ။ သူတို့ တပ်အသစ်ဆောက်တဲ့ နေရာပေါ့နော်။ အခု သစ်ဝါးတွေ ခြံစည်းရိုးတွေ ဘာညာ လုပ်ခိုင်းတာပေါ့။ ပြီးရင် သူတို့ရဲ့ ကတုတ်ကျင်းတွေဘာတွေ တူးခိုင်းတာပေါ့။ ပြီးရင် ရွာသားတွေကိုလည်း အလကား ခိုင်းတာပေါ့။ ဒီလိုလုပ်တယ်ခင်ဗျာ” ဟု ပြောသည်။

အဓမ္မ လုပ်အား ခိုင်းစေသည့် တပ်မှာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်း တုံမြို့နယ် ရွှေတြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မိုင်းကန်းမြို့နယ် အခြေစိုက် ခလရ ၅၅၃ တပ်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မတ်လ ၂၉ ရက် နှင့် ၃၀ ရက်နေ့တို့တွင် နမ့်မိုကျေးရွာမှ ကျေးရွာသူရွာသား ၁၀၆ ဦးတို့သည် နမ့်စန်မြို့အရှေ့မြောက်ဘက်မှ ၁၅ မိုင်ခန့် ကွာ၀ေးသော နောင်ဟီးကျေးရွာအုပ်စု ကုန်းတီးရွာမြောက်ဘက်တွင် စစ်ကောင်စီ ကင်းစခန်းအသစ်ကို သွား ဆောက်ပေးခဲ့ရပြီး စစ်ကောင်စီတပ်သားများသည် ကျေးရွာသူရွာသားများအား ကတုတ်ကျင်းတူးခြင်း၊ သစ်၀ါး များခုတ်ခြင်း၊ ခြံစည်းရိုးကာစခြင်း အစရှိသည်တို့ကို အဓမ္မခိုင်းစေခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကင်းတပ်စခန်းသည် နမ့်မိုဒေသခံတစ်ဦးဖြစ်သည့် လုံးဆာ ၏ ယာမြေပေါ်တွင် သွားရောက် တည် ဆောက်ထားခြင်းဖြစ်ပြီး ထိုသို့သွားဆောက်ရာတွင်လည်း ကြိုတင်အသိပေး ခွင့်တောင်းခဲ့ခြင်း မရှိသည့်အပြင် မည်သည့် လျော်ကြေးငွေကိုမှလည်း ပေးအပ်ခဲ့ခြင်းမရှိခဲ့ ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်က ထုတ်ပြန်သည်။

တပ်စခန်းသစ် ဆောက်သည့်နေရာသည် မန္တလေးအခြေစိုက် ငွေရည်ပုလဲကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီမှ အသစ်တူးဖော်ရန် စီစဥ်နေသည့် ကျောက်မီးသွေးတွင်းကြီးနှင့် ၁ မိုင်ခန့်သာ ကွာ၀ေး ပြီး ထိုကျောက်မီးသွေးတွင်းအား စစ်ကောင်စီတပ်က လုံခြုံရေး ယူပေးရန် တပ်စခန်းသစ် လာဆောက်ခြင်း ဖြစ် သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ဆိုသည်။

အနီးအနားရှိ ဒေသခံများမှာလည်း လူ့ အခွင့်အရေး ချိုးဖောက်မှုများ ခံရမည်ကို စိုးရိမ်နေကြသည်ဟု စိုင်းဆန်လွယ်က ပြောသည်။

“ဒေသခံကတော့ သူတို့ စိတ်ပူတာကတော့ ဒီ လူ့အခွင့်အရေး ကျူးလွန်မှုတွေ ဖြစ်မှာ စိုးလို့ပေါ့နော။ ဥပမာ တန့်ယန်းဖက်မှာ ဖြစ်ခဲ့ဖူးတာ စစ်ကောင်စီရဲ့ လက်အောက်ခံပေါ့နော်။ ဒီကုမ္ပဏီကို လုံခြုံရေးယူပေးဖို့ အကြောင်းပြချက်နဲ့ ပြီးရင် တိုင်းရင်းသား ဒေသခံတွေကို ဖမ်းတယ် ရိုက်နှက်တယ်။ ပစ်သတ်တာလည်း ရှိခဲ့ တယ်လေ နမ့်မရွာဖက်မှာလေ သီပေါမြို့နယ်ထဲမှာလေ။ ဒီလိုတွေဖြစ်မှာစိုးလို့လေ သူတို့လည်းပူပန်တာပေါ့” ဟု ပြောသည်။

စစ်ကောင်စီ၏ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ၀က်ဆိုက်တွင် ဖော်ပြချက်များအရ ငွေရည်ပုလဲကုမ္ပဏီသည် လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၏ အကြီးဆုံးကျောက်မီးသွေး တူးဖော်ထုတ်လုပ်သူဖြစ်ပြီး သီပေါ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့များရှိ ၎င်းတို့၏ ကျောက်မီးသွေးတွင်းများသည် သဘာ၀ပတ်၀န်းကျင်နှင့် ဒေသခံများ၏ ကျန်းမာရေးနှင့်လူနေမှုဘ၀ကို ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးလျက်ရှိသည် ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၁ ခုနစ်နို၀င်ဘာလတွင် ထုတ်ပြန်သော စစ်ကောင်စီ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်း သိမ်းရေး၀န်ကြီးဌာန၏ တစ်နိုင်လုံးသယံဇာတ တူးဖော်မှု ခွင့်ပြုစာရင်းတွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာ အုပ်စုတွင် တူးဖော်ရန်စီစဥ်နေသည့် စုစုပေါင်းဧက ၅၀၀ ကျော် ကျယ်၀န်းသည့် ကျောက်မီးသွေးတွင်း ၅ ခုလည်း ပါ၀င်ပြီး အဆိုပါ ကျောက်မီးသွေးတွင်း အားလုံးသည် ငွေရည်ပုလဲ ကုမ္ပဏီ၏ လက်အောက်ခံ မန္တလေး ဖြန့်ချီ ရေးနှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီမှတူးဖော်ရန် ခွင့်ပြုချက် ရရှိထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထိုအနေအထားများကြောင့် ဒေသခံပြည်သူများမှာ ၎င်းတို့၏ နေထိုင်ရာ ဒေသနှင့် အနီးတဝိုက်တွင် စစ်ကောင်စီ တပ်၏ တပ်စခန်း တည်ရှိလာသည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို စိုးရိမ်နေရသည် ဟု ဆိုသည်။

ထို့အပြင် ကျောက်မီးသွေး ကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းများ အကောင်အထည်ဖော် လာ မည်ဆိုပါကလည်း ၎င်းတို့၏ လယ်ယာမြေများ၊ ရေအရင်းအမြစ်များနှင့် လုပ်ကိုင်စားသောက်သည့် မြေနေရာ များ ထိခိုက်ပျက်စီးသွားမည့်အပြင် အဖက်ဖက်မှ ဆုံးရှုံးမှုများ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။