ငပုတော NLD အတွင်းရေးမှူးကို ထောင်တွင်းတရားရုံးမှ ထောင် နှစ်နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။

ဧရာဝတီတိုင်းက ငပုတောမြို့နယ် NLD ပါတီ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဖြစ်သူအား စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။

၎င်းသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြ၍ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီးနောက် ဧပြီလ ၂၁ ရက်နေ့ (ယမန်နေ့) က ထောင်တွင်းတရားရုံးက ဦးရဲထွဋ်ဝင်းကို ထောင်ဒဏ် နှစ်နှစ် ချလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

“စစ်တပ် အာဏာသိမ်းတာ မကြိုက်လို့ မကြည်ညိုလို့ ဆန္ဒပြတာ။ အကြည်ညို ပျက်စေမှုနဲ့ ဖမ်းပြီး ထောင်ချလိုက်တယ်” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ယခုထောင်ဒဏ်ချမှတ်ခံလိုက်ရသူသည် ဧရာဝတီတိုင်း ငပုတောမြို့နယ် ပြင်ခရိုင်ရွာတွင် နေထိုင်သူ အသက် ၄၂ နှစ် အရွယ်ရှိ ဦးရဲထွဋ်ဝင်းဆိုသူ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့၍ ၂၀၂၂ ခုနှစ် အစောပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဦးရဲထွဋ်ဝင်းအား ငပုတောမြို့ နှင့် ကျေးလက်ဒေသများရှိ အများပြည်သူကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရန် ဦးဆောင်သည်ဟု စွပ်ဆွဲပြီး ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီက အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ခရိုင်ဥပဒေချုပ်ရုံးထံမှ သိရသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦး က “ချုပ်ရက်လျော့ပေါ့ ခံစားခွင့်ရတယ်။ ဒါပေမယ့် နောက်အမှုတွေ ရှိနေသေးတယ်” ဟု ပြောသည်။

စစ်ကောင်စီက ဦးရဲထွဋ်ဝင်း ၏ ဖုန်းအတွင်းရှိ လူမှုကွန်ရက်စာမျက်နှာ Facebook Account ထဲမှ တွေ့ရှိခဲ့သည့် မျှဝေထားသော ပို့စ်များကို အခြေပြု၍ ပုဒ်မ ၅၀၊ ၅၁၊ ၅၂ တို့ဖြင့်လည်း ထပ်မံအမှုဖွင့်ထားသေးသည်ဟု အဆိုပါ တရားလွှတ်တော် ရှေ့နေက ဆက်ပြောသည်။

ဦးရဲထွဋ်ဝင်အား စစ်ကောင်စီက ၂၀၂၁ မေလအတွင်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် ပုသိမ်မြို့၊ ကိုးဆူစစ်ဆေးရေးဂိတ်တွင် ကားတစ်စီးပေါ်၌ စစ်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။